အစိုးရအားနည်းချက်ကို အရင်ကထက်ပို ဝေဖန်မယ်လို့ ဦးအောင်သန်းဆို

အစိုးရအားနည်းချက်ကို အရင်ကထက်ပို ဝေဖန်မယ်လို့ ဦးအောင်သန်းဆို

ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌရာထူးကနေ မကြာခင်ကနှုတ်ထွက်စာတင်လိုက်တဲ့ ဦးအောင်သန်းက အစိုးရအားနည်းချက်ကို အရင်ကထက်ပို ဝေဖန်မယ်လို့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ နံနက် (၉း၃၀)နာရီတွင် မင်းတပ်မြို့ အ.ထ.က(၁)ခန်းမမှာကျင်းပတဲ့ ရှင်းလင်းချက်မှာအထက်ပါအတိုင်းပြောကြားတာပါ။ ယင်းသတင်းစာရှင်းလင်းပွဲကို နှစ်နာရီကြာ မင်းတပ်မြို့ဒေသခံတွေနဲ့တွေ့ဆုံကြပါတယ်။

လွှတ်တော်ဒုတိယဥက္ကဌဟောင်း ဦးအောင်သန်းက “ကျနော်လုပ်နိုင်သလောက် ခင်ဗျားတို့နဲ့ပူးပေါင်းပြီးမှဆောင်ရွက်မယ်။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဆက်ရှိနေမယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဒုတိယဥက္ကဌထက် ပေါ့ပါးတယ်။ ပိုပြီးမှ လွတ်လပ်တယ်။ ပြောတာဆိုတာလည်း အရင်ကထက် ပြောလို့ရမယ်။ ဝေဖန်တာလည်း အရင်ကထက် ပိုပြီးမှဝေဖန်လို့ရမယ်။ အရင်က ဒုတိယဥက္ကဌက လုံးဝမလွတ်လပ်ပါဘူး။ အဲ့ဒါကြောင့်ပိုကောင်းတယ်လို့ခံယူပေးကြပါ။ အစိုးရအားနည်းရင် အရင်ထက် ပိုဝေဖန်မယ်။ ပိုထောက်မယ်။ ပိုပြီးမှလွတ်လပ်မယ်။ ဒါကြောင့် ခင်ဗျားတို့အရေးရာကိစ္စကိုလည်း ခင်ဗျားတို့နဲ့လက်တွဲပြီးလုပ်မှာပါ။ အားမငယ်ကြပါတယ်။ စိတ်လည်းမညစ်ကြပါနဲ့။ နောင်တမရစေရဘူးနော်” လို့ပြောပါတယ်။

ဆက်လက်ပြီး ၎င်းနှုတ်ထွက်ရတာဟာ ငွေကြေးလဘ်စားမှုကြောင့်လည်းမဟုတ်ကြောင်းနဲ့ အစိုးရလုပ်ငန်းလုပ်ဆောင်တဲ့နေရာမှာ တိုင်ကြားထားတာကြောင့်လို့ဆိုပါ။

ဦးအောင်သန်းက “အနားယူတာက ငွေရေးကြေးရေးလဒ်စားမှုလည်းမပါဘူး။ လူမှုရေးဖောက်ပြန်တာကြောင့်လည်းမဟုတ်ဘူး။ လုပ်ငန်းလုပ်တဲ့နေရာမှာ လျှောက်လျှောက်တိုင်တာတောတာတွေကြောင့် အဲ့တွက်ဖြေရှင်းချက်ကလည်း ကျနော်ဘက်ကနေ ဒီနေ့ထိမရသေးပါဘူး။ ဘယ်သူကဘာကိစ္စကြောင့်တိုင်တယ်ဆိုတာလဲမသိရဘူး။ လမ်းတာချဲ့(မင်းတပ်မြို့တွင်း)တဲ့ကိစ္စလို့နည်းနည်းပါးပါးကြားရတယ်။ အဲ့စာကိုလည်း ကျနော်မတွေ့ရပါဘူး။ ဒါကြောင့် ဒီနေ့ထိဖြေရှင်းခွင့်တောင်းထားပါတယ်။ သူတို့လည်း ဖြေရှင်းပါလို့ပြောထားပါတယ်။ ဒါပေမယ့် ပါတီရဲ့ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်ကိုလိုက်နာတဲ့အနေနဲ့နှုတ်ထွက်စာလေးတော့တင်ပေးပါလို့ ပြောလို့ ကျနော်လည်း ပါတီဝင်တစ်ယောက်အနေနဲ့ စာတင်ပေးတာဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းမလိုက်နာလို့တော့မရဘူး။ ပြန်လည်ရှင်းတာကတော့ နောက်ပိုင်းမှပဲပြန်ရှင်းပါမယ်။ နှုတ်ထွက်ရတာလည်း ကြီးကြီးကျယ်ကျယ်ကိစ္စဘာမှမရှိပါဘူး။ ဒါထက်ကြီးကျယ်တဲ့ကိစ္စတွေတောင် ရှိကောင်းရှိနိုင်ပါတယ် ကျနော်တို့ပြည်နယ်မှာ။ ကျနော်တို့ကိစ္စဘာမှအံ့သြစရာမဟုတ်တဲ့ကလေးကစားစရာလောက်ဖြစ်ပါတယ်။ ဘတ်ဂျက်ဝင်မွှေတယ်လို့ပြောရအောင်လည်း သုံးနှစ်တာကာလမှာ တခြားဒေသတွေထက် မင်းတပ်မှာ ဘတ်ဂျက်ပိုကျတယ်ဆိုလည်းမရှိပါဘူး” လို့ပြောပါတယ်။

ဦးအောင်သန်းက ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌနေရာကနေ နှုတ်ထွက်စာကို မတ်လ(၂၈)ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် ချင်းပြည် နယ် လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်တင်ပြပြီး ကိုယ်စားလှယ်အားလုံးကသဘောတူခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်