
ဇွန် ၁၇၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ လမ်းလျှောက်ပြီး တံမြက်စည်းလိုက်ရောင်းတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီးနောက် သုသာန်မှာ အလောင်းဖျောက်မြှုပ်နှံခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသူဟာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ ကိုရဲဇော် ဖြစ်ပြီး သူဟာ အိမ်ကနေ ၃ ရက်လောက် ပျောက်ဆုံးနေခဲ့တာပါ။
မိသားစုဝင်တွေက လိုက်လံစုံစမ်းရှာဖွေခဲ့ကြရာကနေ ပြင်သာသုသာန်မှာ သေနတ်ဒဏ်ရာတွေ၊ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့အတူ အလောင်းကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

“ဆုံသွားတဲ့သူရဲ့ မိသားစုက လိုက်စုံစမ်းရင်း ပြင်သာသုသာန်မှာ သွားတွေ့တာ။ သူ့ရဲ့အလောင်းမှာ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ အညိုအမဲ ဒဏ်ရာတွေ တွေ့တယ်လို့ မိသားစုက ပြောတယ်။ ပြန်တွေ့တော့ပြင်သာသင်္ချိုင်းမှာ သူ့အလောင်းကို ပလက်စတစ်နဲ့ပတ်ပြီး မြှုပ်ခါစပဲ ရှိသေးတယ်၊ သုသာန်စောင့်ကို ပိုက်ဆံပေးပြီး ပြန်တူးခိုင်းပြီး အိမ်ပြန်ယူလာကာ အသုဘလုပ်ကြတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုရဲဇော်ကို သတ်ဖြတ်သွားသူတွေဟာ ဘယ်အဖွဲ့ကလည်းဆိုတာ မသိရသေးပေမယ့် စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ လက်ချက် ဖြစ်နိုင်ချေရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
အသတ်ခံလိုက်ရတဲ့ ကိုရဲဇော်မှာ ဇနီးဖြစ်သူနဲ့အတူ ကလေးငယ် ၂ ယောက် ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Mary









