
ဇွန် ၁၉၊ ၂၀၂၆
Zalen
ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲက ရုရှားနဲ့ အာဆီယံ ဆက်ဆံရေး ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး၊ ရုရှားနဲ့ အာဆီယံကြား မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုကို ပိုတိုးလုပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ ရုရှားသမ္မတ ပူတင်က “အာရှ-ပစိဖိတ်ဘက်မှာ ပထဝီနိုင်ငံရေး မတည်ငြိမ်ဖြစ်နေချိန်မှာ အာဆီယံနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တာဟာ အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတဲ့အချက် ဖြစ်တယ်” လို့ ပြောသွားပါတယ်။

ဒီတစ်ခေါက် ထိပ်သီးပွဲကို နေပြည်တော်စစ်ဘက်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ခွင့်မရခဲ့ပါဘူး။
မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းပဲ တရားဝင် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးအတွင်းမှာ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ပူတင်နဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတစ်ခု လုပ်နိုင်ခဲ့ပြီး၊ မြန်မာ့လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့လည်း နှစ်ဖက်အမြင်တွေကို အပြန်အလှန် စကားပြောဆွေးနွေးခွင့် ရခဲ့ပါတယ်။
ဒီပွဲမှာ ရုရှားနဲ့ အာဆီယံကြား စွမ်းအင်၊ ကုန်သွယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ပါဝင်တဲ့ ကာဇန်ကြေညာချက် ကိုလည်း ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
Helen






