အိန္ဒိယနယ်စပ်အတွင်းက ဘိန်းစိုက်ပျိုးမှုကို မြန်မာစစ်တပ်က ထောက်ပံ့နေသလား?

မြန်မာနိုင်ငံမှာ ပြည်သူရွေးချယ်တင်မြှောက်ထားသော တရားဝင်အစိုးရကို အတင်းအဓ္ဓမအာဏာသိမ်းခဲ့တာ အခုဆို ၂ နှစ်ပြည့်လာခဲ့ပြီဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်ရန် အင်းအားအလွန်အကျွံအသုံးပြုခြင်းနှင့် နိုင်ငံရေးကိုအသုံးချခြင်းတို့ဖြင့် အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒါပေမယ့် နေပြည်တော် နှင့် ရန်ကုန်မြို့အလွန် အခြားသော ဗမာလူမျိုးစုကြီး နေထိုင်သော မြို့များမှာ စစ်တပ်ဟာ သူ့ရဲ့ အုပ်ချုပ်မှုကို တည်ဆောက်ရန် ရုန်းကန်နေပါတယ်။

အိန္ဒိယအစိုးရကတော့ သူတို့ထင်ထားသော အခြေအနေများအတိုင်း ဖြစ်မလာပဲ မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုဟာ အိန္ဒိယအစိုးရရဲ့ အကျိုးစီးပွားကို ကဏ္ဍမျိုးစုံတွင် ထိခိုက်လာနေပြီဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် အိန္ဒိယအစိုးရ နစ်နာသော ကဏ္ဍများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ မြန်မာစစ်တပ်ဟာ အိန္ဒိယနိုင်ငံအတွင်းက လက်နက်ကိုင်တစ်ချို့ကို သူ့ရဲ့ မတရားသော စစ်ပွဲတွင် အသုံးပြုနေပြီး စစ်ကောင်စီတပ်က ထိုလက်နက်ကိုင်များကို မြန်မာနိုင်ငံအတွင်းက နယ်မြေတစ်ချို့ကို အသုံးပြုခွင့်ပေးထားပါတယ်။
၂။ မြန်မာစစ်တပ်ဟာ မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက်က ပြည်သူလူထုများရဲ့ လုံခြုံရေးကို အိန္ဒိယလေပိုင်နက်အတွင်း တိုက်လေယာဉ်များ ပျံသန်းစေခြင်းဖြင့် ခြိမ်းခြောက်နေပြီး အိန္ဒိယလေပိုင်နက်အတွင်း ဗုံးကျဲမှုကိုလည်း လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
၃။ မြန်မာစစ်တပ်ဟာ သူ့ရဲ့ အသုံးတော်ခံ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ နယ်ခြားစောင့်တပ် (BGF) နဲ့ ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံသားများဦးဆောင်ထားသော တရားမဝင် အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုများကို လုပ်နေသော အဖွဲ့များကို ကာကွယ်နေပါတယ်၊ တစ်ချို့သော အိန္ဒိယနိုင်ငံက အလုပ်သမားများလည်း ထိုင်း-မြန်မာနယ်စပ်သို့ လူကုန်ကူးမှု ခံနေရပါတယ်။

မကြာသေးခင်ကပဲ UN Office က မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်ခြင်းနဲ့ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ချက် “Myanmar Opium Survey 2022” တွင် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုအခြေအနေများကို ဖော်ပြထားပါတယ်။

ထုတ်ပြန်ကြေညာချက်များဟာ စိုးရိမ်းစရာ အလွန်ကောင်းပါတယ်။ ဆယ်စုနှစ်များစွာ ဘိန်းစိုက်ပျိုးမှု ကြီးထွားလာခဲ့သော မြန်မာနိုင်ငံအတွက် အလွန်စိုးရိမ်စရာ ပိုကောင်းပါတယ်။ UNODC ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၁ ခုနှစ်တုန်းကထက် ၂၀၂၂ ခုနှစ်မှာ ၃၃ ရာခိုင်နှုန်း ပိုတိုးလာကြောင်း ထုတ်ပြန်ထားပါတယ်။ သေချာသွားတာကတော့ စစ်တပ်အာဏာသိမ်းခြင်းဟာ ခေတ်ကို နောက်လှည့်သွားခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ပြုလုပ်လာခဲ့သော အရပ်သားဒီမိုကရေစီအုပ်ချုပ်ရေးအဖြစ်သို့ ပြောင်းလဲခြင်းကို နောက်ပြန်လှည့်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂအစီရင်ခံစာကတော့ ရှမ်း၊ ကချင် ၊ ကယား နှင့် ချင်းပြည်နယ်တို့ကို အဓိက လေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာကတော့ ၂၀၂၁ ကနေ ၂၀၂၂ အကြား ဘိန်းစိုက်ပျိုးမှု အများဆုံးမြင့်တက်လာသော ဒေသဖြစ်ပြီး ၃၉ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ ချင်းပြည်နယ်မှာတော့ အံ့ဩသင့်ဖွယ် ၁၄ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။ UNODC ဟာ ၂၀၁၈ နောက်ပိုင်း ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းကို ဆိုင်းငံ့သွားခဲ့ပါတယ်။ ဆိုလိုတာကတော့ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု မရှိခဲ့ကြောင်းကို ဆိုလိုပါတယ်။

UNODC က ထုတ်ပြန်ထားသော အချက်အလက်များအရ အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်နဲ့ ထိစပ်နေသော ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က ဘိန်းစိုက်ပျိုးမှု အဆမတန်မြင့်တက်လာခြင်းဟာ အိန္ဒိယဘက်ကိုလည်း ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါဟာလည်း အိန္ဒိယအစိုးရအတွက် စိုးရိမ်စရာကောင်းသော အချက်တစ်ခုဖြစ်နိုင်ပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းဟာ ဘိန်းစိုက်ပျိုးခြင်းနဲ့ပတ်သက်ပြီး စိမ်းကားနေသော နေရာမဟုတ်ပါဘူး။ ဒီဒေသအတွင်း ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပျောက်ကွယ်သွားခဲ့ပြီး စစ်တပ်အာဏာသိမ်းသည်အထိပဲ ဖြစ်ပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု ဘာကြောင့် မြင့်တက်လာသလဲဆိုတာနဲ့ပတ်သက်ပြီး Chin Human Rights Organizatons (CHRO) က လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

လက်ရှိချင်းပြည်နယ်ရဲ့အခြေအနေများနဲ့ရင်းနှီးသောသူများရဲ့ ပြောဆိုချက်အရ ချင်းပြည်နယ်တွင် စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ် လှုပ်ရှားနေသော အဓိကလက်နက်ကိုင်အဖွဲ့ကတော့ တွန်ဇံမြို့နယ်က Zomi Revolutionary Army (ZRA) ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၁၉၉၇ ခုနှစ်တွင် Zomi Reunification Organization (ZRO) အဖြစ် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မူလကတော့ အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်တွင်ရှိသော ဇိုမီးလူမျိုးများအားလုံးကို စည်းလုံးစေလို့သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ယခင်ကတော့ ZRA ဟာ မြန်မာနိုင်ငံတွင် အခြေစိုက် လှုပ်ရှားခြင်းမရှိခဲ့ပဲ မဏီပူရ်ပြည်နယ်အတွင်းက ပိုင်သဲ လူမျိုးစုများ နေထိုင်နေသော ဒေသများတွင်သာ စတင်လှုပ်ရှားခဲ့ပါတယ်။ ZRA ဟာ ၂၀၀၅ ခုနှစ်တွင် အိန္ဒိယအစိုးရနဲ့ အပစ်ခတ်ရပ်စဲရန် သဘောတူခဲ့ပြီး သမာရိုးကျ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်ရှိ ဘီဟီယန်းအနီးတွင်ရှိသော သူတို့ရဲ့ Mount Sinai စခန်းတွင် အခြေချခွင့် အိန္ဒိယအစိုးရက ပေးခဲ့ပါတယ်။

ZRA အတွင်း အဖွဲ့ကွဲမှုများ စတင်ဖြစ်ပေါ်လာခဲ့ပြီး ထိုထဲတွင် ZRA-Eastern Command (ZRA-EC) လို့ခေါ်တဲ့ အဖွဲ့တစ်ခု ရှိလာခဲ့ပြီး ဒီအဖွဲ့ဟာ အခုတော့ ချင်းပြည်နယ်မြောက်ပိုင်းတွင် အခြေချလာပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုမိုလှုပ်ရှားလာခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်းက သတင်းအရင်းအမြစ်များအရ ZRA ဟာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး စစ်အာဏာရှင်မလိုလားသော အဖွဲ့များဖြစ်တဲ့ ချင်းပြည်နယ်က PDF များကို တိုက်ခိုက်နေကြောင်းဆိုပါတယ်။

၂၀၂၁ ခုနှစ် မေလ ကနေ စက်တင်ဘာလအတွင်း ZRA ဟာ မြောက်ပိုင်း ချင်းပြည်နယ်တွင် PDF စခန်းများကို တိုက်ခိုက်မှုများ ၃ ကြိမ် တိုင်တိုင်ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၂ ဇန်နဝါရီလတွင် ZRA-EC ဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသော PDF များကို ပြန်လည်တိုက်ခိုက်ရန် တပ်ရင်းအသစ် ဖွဲ့စည်းလိုက်သောကြောင့် ချင်းပြည်နယ်တစ်ခုလုံးရှိ လက်နက်ကိုင်အင်အားစုများအကြား သတိပေးချက် ဖြစ်လာစေခဲ့ပါတယ်။

ချင်းပြည်နယ်အတွင်းက ဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီးပိုမို စိုးရိမ်စရာကောင်းသော အချက်ကတော့ စစ်ကောင်စီထိန်းချုပ်ထားသော မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) ဟာ ၂၀၂၁-၂၂ ကာလအတွင်း ချင်းပြည်နယ်တစ်လျှောက်တွင် မည်သည့် ဘိန်းစိုက်ပျိုးမှု ရှင်းလင်းရေးကိုမှ မလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှမ်းနှင့် ကချင်ပြည်နယ်မှာတော့ စစ်တပ်က ဘိန်းစိုက်ခင်းအနည်းဆုံး ဟက်တာ ၁၃၈၉ ခန့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုပါတယ်။

ဆိုတော့ ဘာကြောင့် မြန်မာစစ်တပ်ဟာ ချင်းပြည်နယ်က ဘိန်းစိုက်ခင်းများကို လျစ်လျူရှုထားတာလဲ? စစ်တပ်ဟာ ဘာကို ကာကွယ်နေတာလဲ? သို့မဟုတ် မြန်မာစစ်တပ်ဟာ လက်နက်ကိုင်များက ဦးဆောင်လုပ်နေသော နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုကနေ အကျိုးအမြတ်များ ရရှိနေသလား?

အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်ကို မေးရမည့် မေးခွန်းများစွာလည်းရှိပါတယ်။ နိုင်ငံတကာနယ်စပ်နဲ့ ထိစပ်နေသော ချင်းပြည်နယ်မြောက်ပိုင်းက ဘိန်းစိုက်ပျိုးမှု တစ်ခုတည်း မဟုတ်ပါဘူး။ ဒီမှာ ကျယ်ပြန့်စွာ နားလည်မှု ရှိရန် လိုအပ်ပါတယ်။ အဲ့တာတော့ မြန်မာစစ်တပ် ဗိုလ်ချုပ်ကြီးများဟာ အိန္ဒိယအစိုးရ၏ အကျိုးစီးပွားကို နယူးဒေလီက မြန်မာစစ်တပ်ကို ဖျော်ဖြေမှုကောင်းများပေးသော်လည်း ဘယ်တုန်းကမှ အလေးမထားခဲ့ဘူးဆိုတာပါပဲ။ မြန်မာစစ်တပ်ဟာ မကြာခဏဆိုသလို အိန္ဒိယအစိုးရထံကနေ အခွင့်အရေးများစွာ ယူတတ်ပါတယ်။ သို့သော်လည်း စစ်တပ်ရဲ့ နိုင်ငံရေး၊ ဗျူဟာ နှင့် စီးပွားရေးအကျိုးကျေးဇူးများကိုပဲ ဦးစားပေးခဲ့ပါတယ်။ ထိုထဲတွင် အများစုဟာ တရားဝင်မှုမရှိသော အရာများဖြစ်ပါတယ်။

ဆိုတော့ ကျွန်တော်တို့ စဉ်းစားရမှာကတော့ အိန္ဒိယအစိုးရရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သင်ရိုးညွှန်းအဟောင်းကနေ ကောင်းသော ရလဒ်များ ဘယ်အချိန်အထိ ယူလာနိုင်မလဲ? မြန်မာစစ်တပ်ကတော့ သူ့ရဲ့ ထွက်ပေါက်အတွက် အတုအယောင်ရွေးကောင်ပွဲကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် နယူးဒေလအနေနဲ့ နောက်ပြန်လှည့်ပြီး စာမျက်နှာအသစ် လှန်ရန် လိုအပ်မှု ရှိမရှိကို ဆန်းစစ်ရန် လိုအပ်နေပြီဖြစ်ပါတယ်။ အိန္ဒိယအစိုးရလုပ်နိုင်သော နည်းလမ်းတစ်ခုကတော့ သူ့ရဲ့ သံတမန်ရေးလမ်းကြောင်းကို အများနှစ်သက်ပြီး ဒီမိုကရေစီဆန်သော နည်းလမ်းသို့ ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ ဒေသအတွင်း အကြီးဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် ဒါဟာ အိန္ဒိယအစိုးရလုပ်သင့်သော အရာတစ်ခုလည်ဖြစ်ပါတယ်။

မှတ်ချက်း https://barbedwires.substack.com မှာ Angshuman Choudhury ရေးသားတဲ့
Is the Myanmar junta facilitating opium cultivation near the Indian border? ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်