အေအေဖမ်းဆီးသွားတဲ့ ကျောင်းဆရာတစ်ဦးနဲ့ အရပ်သားနှစ်ဦးတို့ရဲ့အလောင်းကို လက်နောက်ပြန်ကြိုးတုတ်ပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့

ပလက်ဝမြို့နယ် ဆီးဖလောင်းရွာသား ကျောင်းဆရာ ဦးအာဗေလ နဲ့ ကြက်ဥဝရွာသား နှစ်ဦးတို့ဟာ ဇန်နဝါရီ (၇)ရက်ညတွင် ပျောက်ဆုံးပြီး (၃)ရက်အကြာမှာ လက်နောက်ပြန်ကြိုးတုတ်ထားပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရကြောင်း ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဆရာဦးအာဗေလ (၅၅ နှစ်)ဟာ ဇန်နဝါရီလ (၇)ရက်တွင် ညနေပိုင်းတွင် ရွာအနီး ရခိုင်တိုင်းရင်းသားတွေနေထိုင်တဲ့ ကြက်ဥဝရွာသို့အလည်သွားရောက်ခဲ့ပါတယ်။ ယင်းညတွင် အိမ်သို့ပြန်မအိပ်ပေမယ့် မိသားစုတွေက အပျော်လွန်ပြီး ညအိပ်တယ်လို့ထင်ထားကြပါတယ်။ ဒါပေမယ့် ဇန်နဝါရီ (၈)ရက်နေ့ခင်းပိုင်းထိ အိမ်သို့ပြန်မရောက်လာတာကြောင့် အကျိုးအကြောင်းစုံစမ်းရာ ဆရာအာဗေလနဲ့ ၎င်းရဲ့သူငယ်ချင်း ရခိုင်အမျိုးသား နှစ်ဦးလည်း အတူတူပျောက်ဆုံးကြကြောင်းကြားသိရပါတယ်။ ဇန်နဝါရီလ (၁၀)ရက်မနက်ပိုင်းတွင် ကြက်ဥဝရွာအနီးတွင် ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အလောင်းနှစ် လောင်းကို ကြက်ဥရွာသားတွေကတွေ့ပြီး ဆီးဖလောင်းရွာသို့အသိပေးကာ ဦးအာဗေလရဲ့အလောင်းဖြစ်နေကြောင်းအတည်ပြုကြပါတယ်။

ကျောင်းဆရာ ဦးအာဗေလ

CHRO သတင်းအချက်အလက်ရှာဖွေရေးဌာန တာဝန်ခံ ဆလိုင်းတေရ “သူတို့သတ်တာက ဇန်နဝါရီ ၉ ရက်ညနေလောက်ဖြစ်မယ်။ အလောင်းတစ်လောင်းကိုတော့ သုံးလေးဖာလုံလောက်အကွာမှာပြန်တွေ့ကြတယ်။ မနေ့က အလောင်းသွားသယ်ဖို့ ရဲတပ်ဖွဲ့ကိုအကူအညီတောင်းတော့ သူတို့က အထက်အမိန့်မရသေးဘူးလို့ပြောတယ်။ ဒါကြောင့် ဒီမနက် (၉)နာရီလောက်မှာ အလောင်းသွားသယ်ပြီးတော့ ပလက်ဝပြည်သူ့ဆေးရုံရင်ခွဲရုံမှာ စစ်ဆေးတယ်။ ဓားဒဏ်ရာတွေက ခေါင်း၊လည်ပြင်း၊ ခါးတွေမှာတွေ့ရတယ်။ ဒီလုပ်ရပ်က အေအေတွေလုပ်ရပ်ဆိုတာ ကြက်ဥဝရွာသားတွေကိုယ်တိုင်သိကြတယ်။ ဒီလိုမျိုးလုပ်ရပ်ကိုကျနော်တို့ အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်။ ဒါဟာလူရဲ့ လုပ်ရပ်လို့မထင်ဘူး။ အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်။ လူ့အသက်ကို တန်ဖိုးမထားတဲ့လုပ်ရပ်ပဲ” လို့ပြောပါတယ်။

ဆီးဖလောင်းရွာဟာ ပလက်ဝမြို့နဲ့ ၅ မိုင်ခန့်သာဝေးပြီး ပလက်ဝ နဲ့ ဆမီးမြို့ကြားမှာရှိပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဆရာ ဦးအာဗေလရဲ့ဆွေမျိုးနဲ့ မိသားစု သုံးဦးထံ ဖုန်းဆက်မေးမြန်းပေမယ့် “မအားဘူး” လို့သာ ပြန်လည်ဖြေကြားကြပါတယ်။

ဆက်လက်ပြီး ဆလိုင်းတေရက “ကျနော်လည်း ဖုန်းဆက်နေကျတစ်ယောက်စီကနေပဲသတင်းရနိုင်တယ်။ တခြားသူတွေဆို လုံးဝမဖြေကြဘူး။ ဒါကြောင့် လိုချင်သဘောက် သတင်းအချက်အလက်မရဘူး။ တစ်မြို့နယ်လုံးက ဒီကိစ္စကြောင့် ထိတ်လန့်ပြီး ညလည်းကောင်းကောင်းမအိပ်နိုင်ကြဘူး” လို့ပြောပါတယ်။

CHRO စာရင်းအရ ခုလက်ရှိ ပလက်ဝနယ်မှာ ချင်းလူမျိုး (၁၅)ယောက် အစအနပျောက်ဆုံးနေပြီး ပြည်နယ်အစိုးရစာရင်းတွင် ဒေသခံ (၈၀)ကျော်ပျောက်ဆုံးနေပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်