မတ် ၇၊ ၂၀၂၆
Zalen
စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်းရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို တားပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လျှပ်စစ်ကား (EV) တွေကလွဲပြီး ကိုယ်ပိုင်ကားတွေကို နံပါတ်ပြားရဲ့ စုံ/မ ဂဏန်းအလိုက် ရက်အလိုက် ခွဲပြီး မောင်းရမှာဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့က မ ဂဏန်းရက်ဖြစ်တဲ့အတွက် မ နံပါတ်ပါ ကားတွေကိုသာ မောင်းခွင့်ပေးထားတယ်လို့ သိရပါတယ်။
လမ်းဆုံတချို့မှာတော့ စုံနံပါတ်ကားတွေကို တားပြီး “ပညာပေးကာလ” လို့ ပြောကာ ငွေတောင်းတာတွေ ရှိနေတယ်လို့ ကားပိုင်ရှင်တချို့က ပြောပါတယ်။
” စုံဂဏန်းကားတွေကို ဖမ်းပြီး ပညာပေးကာလမို့လို့ ပိုက်ဆံတောင်းပြီး ပြန်လွှတ်တယ်။ ဆီဆိုင်တွေကလည်း ဒီနေ့က မ ရက်မို့ စုံကားတွေမထည့်ပေးဘူးတဲ့၊ လိုင်စင်မရှိတဲ့ ကားတွေလည်း မထည့်ပေးဘူး။ ” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့အနှံ့ ဌာနပေါင်းစုံပါဝင်တဲ့ One Stop Service အဖွဲ့တွေက နေရာအချို့မှာ ကားတွေနဲ့ လှည့်လည်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီအစီအစဉ်အတွက် ပညာပေးကာလကို မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစပြီး စုံ/မ စနစ်ကို မလိုက်နာတဲ့သူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
စည်းကမ်းမလိုက်နာသူတွေကို ငွေဒဏ် ကျပ် ၂၀,၀၀၀၊ ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ စက်သုံးဆီချွေတာရေး စီမံချက်ကို ရန်ကုန်အပြင် မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေမှာလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Mary

















