မတ် ၉၊ ၂၀၂၆
Zalen
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကြား ကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီက ၎င်းတို့ထိန်းချုပ်ထားတဲ့ နယ်မြေများအတွင်းသို့ စက်သုံးဆီ တင်သွင်းမှုကိုသာ ခွင့်ပြုပြီး၊ နယ်မြေကျော်၍ အပြင်သို့ ပြန်လည်သယ်ဆောင်ခြင်းကို လုံးဝ ခွင့်မပြုရန် မတ်လ ၆ ရက်နေ့ ကထုတ်ပြန်လိုက်ပါတယ်။
ယင်းထုတ်ပြန်ချက်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသက နေ နိုင်ငံတကာသို့ ရေနံတင်ပို့မှုများ ရပ်ဆိုင်းနေပြီး ကမ္ဘာတစ်ဝှမ်း စက်သုံးဆီ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်တွင်းရှိ ပြည်သူလူထုအတွက် စက်သုံးဆီ လုံလောက်မှုရှိစေရန်နဲ့ စနစ်တကျ ထိန်းကြောင်းနိုင်ရန် ယခုလို မူဝါဒချမှတ်ကာ ကန့်သတ်လိုက်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

NUG ရဲ့ဆီကန့်သတ်ချက်မူဝါဒထုတ်ပြန်ချက်ဟာ ချင်းပြည်နယ်အတွက်ထိခိုက်မှုဖြစ်ပေါ်စေမှာကြောင့် တော်လှန်ရေးတွေကြား ဝေဖန်မှုတွေလည်း ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် နယ်မြေကျော် သယ်ယူခွင့် ပိတ်ပင်ခြင်း: မိမိတို့ သက်ဆိုင်ရာ တိုင်း ဒါမှမဟုတ် ဖက်ဒရယ်ယူနစ်အတွင်းသို့ ဆီအဝင်ကိုသာ ခွင့်ပြုမှာဖြစ်ပြီး၊ အခြားနယ်မြေများသို့ ဖြတ်ကျော်သယ်ဆောင်မှုကို နောက်ထပ် ညွှန်ကြားချက် မထွက်မချင်း တားမြစ်ထားတယ်လို့ သိရပါတယ်။
အဲဒါကြောင့် ကချင်၊ ချင်း နဲ့ ရခိုင်ပြည်နယ်များသို့ ပို့ဆောင်မယ့်စက်သုံးဆီများ ဖြစ်ပါက မဟာမိတ်အဖွဲ့အစည်းများ ကနေတစ်ဆင့် NUG အစိုးရနဲ့ ညှိနှိုင်းရမှာ ဖြစ်ပြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ခွင့်ပြုချက်ပါမှသာ ဖြတ်သန်းခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး မြို့နယ်အခွန်နဲ့ ဒဏ်ကြေးကောက်ခံတဲ့ ဂိတ်များအားလုံး က အဆိုပါ လမ်းညွှန်ချက်ကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် ၊ညွှန်ကြားချက်ကို ပြည်ထောင် စုဝန်ကြီးဌာနများ၊ စစ်ဒေသကွပ်ကဲရေးရုံးများနဲ့ ခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံသို့ ပေးပို့ထားပြီး ချက်ချင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်အသိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်ကို Zalen ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပါဘူး။
သတင်း – ညီစေ


















