မတ် ၁၁ ၊ ၂၀၂၆
Zalen

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ခရီးသည်မြန်မာနိုင်ငံသားမေ့ကျန်ခဲ့တဲ့ရူပီးငွေ ၁၅ သိန်း (ကျပ် ၇၅၀သိန်းခန့် )အားပိုင်ရှင် ထံပြန်လည်အပ်နှံခဲ့တဲ့ သုံးဘီးကယ်ရီသမားကို ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုချီးမြှင့်သွားမယ်လို့သိရပါတယ်။
လောင်တလိုင်မြို့၊ အမှတ် ၃ ရပ်ကွက်မှာနေထိုင်ပြီး သုံးဘီးကယ်ရီဆွဲကာ မိသားစုကိုရှာဖွေကျေးမွေးနေတဲ့ ပူးဟင်နရီ လာလ်မှီန်းမွာန်နာ ( Pu Henry Lalhmingmuana ) က မြန်မာနိုင်ငံ၊ ရခိုင်ပြည်ကနေဝင်ရောက်လာတဲ့ ကုန်သည်တစ်ဦး မေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်းကျော်ကိုပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လာမယ့် မတ်လ ၁၃ ရက်နေ့မှာကျင်းပမယ့် Chapchar Kut ပွဲတော်မှာ မီဇိုရမ်ပြည်နယ်အတွင်း ရဲရင့်သူ၊ ရိုးသား ဖြောင့်မတ်သူ အားဆုချီးမြှင့်ဖို့ရွေးချယ်ရာ Pu Henry Lalhmingmuana ကိုရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါ တယ်။
အဆိုပါ Pu Henry Lalhmingmuana ကို ဝန်ကြီးချုပ်ရဲ့ ဂုဏ်ပြုမှတ်တမ်းနဲ့ဖလားအပြင် ဆုငွေရူပီး ၁ သိန်း ချီးမြှင့်သွားမယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ Pu Henry Lalhmingmuana ရဲ့ သုံးဘီးကို ရခိုင်ကုန်သည်တစ်ဦးက ဌားရမ်းခဲ့ပြီး လျှပ်စစ်ရပ်ကွက်ရှိ တည်းခိုခန်းတခုကိုပို့ဆောင်ပေးခဲ့ပါတယ်။
ရခိုင်ကုန်သည်က သုံးဘီးပေါ်မှာ အိတ်အမဲရောင်ထဲထည့်ထားတဲ့ ငွေသား ရူပီး ၁၅ သိန်းကျော်ကို မေ့ကျန်ခဲ့ရာ သုံးဘီးသမားကိုလည်းမမှတ်မိတော့ သဖြင့် စိုးရိမ်ပူပန်သောကရောက်နေချိန် သုံးဘီးသမားက ပြန်လာပြီး အဆိုပါငွေများကို အပ်နှံခဲ့တာလို့သိရ ပါတယ်။
သတင်း- Mickey
#မီဇိုရမ်ပြည်နယ်#လောင်တလိုင်ခရိုင်#ရခိုင်ကုန်သည်#ဝန်ကြီးချုပ်#ဂုဏ်ပြု#Zalen
















