စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်

မတ် ၂၅၊ ၂၀၂၆

Zalen

Zalen ad

ယောဒေသအတွင်းမှာ စစ်ကောင်စီရဲ့  လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယောကာကွယ်ရေးတပ်(YDF) ရဲ့ တပ်စခန်းတွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီက မတ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ပြီး လူသေဆုံးမှုနဲ့ ပျက်စီးမှုများရှိခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတဲ့အပြင် YDF ရဲဘော် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဒရုန်းဆောင်၊ ရိက္ခာဆောင်၊အဆောက်အဦး ၄ လုံးနဲ့ ပြည်သူ့နေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် မနေ့က မတ်လ ၂၄ ရက်နေ့တွင်လည်း ဂျက်ဖိုက်တာ ၆ စီးဖြင့် ပေါင် ၂၅၀ နဲ့ ပေါင် ၅၀၀ ဗုံးသီးတွေ၊ ရော့ကတ်များအသုံးပြုပြီး ၃ကြိမ် တိတိထပ်မံဗုံးကြဲခဲ့သဖြင့် ယောဒေသအတွင်း လေကြောင်းအန္တရာယ်မှာ အထူးစိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိနေပါတယ်။

လေကြောင်းအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားရန် လိုအပ်ပါတယ်။

“အိမ်တိုင်းမှာ ခိုင်ခံ့သော ဗုံးခိုကျင်းတွေ အသင့်တူးထားပြီး လေယာဉ်သံကြားတာနဲ့ ချက်ချင်း ခိုလှုံနိုင်ရန် အသင့်ရှိနေရမည် ဖြစ်တယ်”လို့ ယောဒေသခံတဦးက ဆိုပါတယ်။

ဗုံးခိုကျင်းတွင်း ခိုလှုံရာမှာလည်း လေဖိအားဒဏ်ကြောင့် နားစည်နဲ့ အဆုတ်ထိခိုက်မှုကို ကာကွယ်နိုင်ရန် ပါးစပ်ကို အနည်းငယ်ဟထားပြီး ရင်ဘတ်ကို မြေပြင်နဲအနည်းငယ်ကွာအောင် တံတောင်ဆစ်နဲ့ ထောက်ထားတဲ့ ဝပ်တွားနည်းကို အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။

“အရေးပေါ်အခြေအနေမှာ ယူဆောင်သွားနိုင်ရန် အရေးကြီးစာရွက်စာတမ်းများ၊ ဆေးဝါးတွေနဲ့ ရိက္ခာခြောက်တွေ ထည့်ထားတဲ့ အရေးပေါ်အိတ်ကို အမြဲအသင့်ထားရှိပါ။ ကောင်းကင်မှ အလွယ်တကူမြင်နိုင်တဲ့ တောက်ပတဲ့ အဝတ်အစားများထက် သစ်ပင်တောတောင်နဲ့ ရောနှောနိုင်တဲ့ အရောင်ရင့်များကိုသာ ရွေးချယ်ဝတ်ဆင်ရန် လိုအပ်ပါတယ်။”လို့ နောက်ထပ် ယောဒေသခံတဦးက တိုက်တွန်းထားပါတယ်။

ညဘက်မှာလည်း အပြင်သို့ အလင်းရောင်မထွက်စေရန် မီးထိန်းသိမ်းခြင်းကို အထူးဂရုပြုရမည်ဖြစ်ပြီး၊ လေယာဉ်သံကြားပါက အပြင်ထွက်ကြည့်ခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။

ဒေသတွင်း သတင်းပေးပို့ချက်တွေကို အမြဲနားစွင့်ပြီး မိမိတို့ရဲ့ အသက်အန္တရာယ်ကို နိုးနိုးကြားကြားဖြင့် ကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်(ပုံဟောင်း)

#ယောဒေသအတွင်း#စစ်ကောင်စီ #ပြည်သူ#လေကြောင်းအန္တရာယ် #အထူးသတိပြုရန် #Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့အပါအဝင် ရပ်နားထားတဲ့လေကြောင်းခရီးစဉ်အချို့ပြန်လည်ပြေးဆွဲဖို့ ညွှန်ကြား

မတ် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့အပါအဝင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မြို့ပေါင်း ၁၁ မြို့သို့ လေကြောင်းခရီးစဉ်တွေကို ဦးစားပေးအနေဖြင့် မဖြစ်မနေ ပြေးဆွဲပေးသွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားလိုက်ပါတယ်။ မနေ့ မတ်လ ၂၄ ရက်နေ့ နေပြည်တော်မှာ ...

ဆက်ဖတ်ရန်