ဇွန် ၂၇၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။
ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ၄ ကြိမ် ဗုံးသီး ၄၈ လုံးနဲ့ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
” ဒီမနက်အစောပိုင်းက လာကြဲသွားတာဂျက်ဖိုက်နဲ့ Y-12 ပါ။ ဂျက်ဖိုက်တာက ၂စီး ကလက်စတာဗုံးလာချသွားတာ။ Y-12 နဲ့ လည်းအကြိမ်ကြိမ်လာချသွားတာ။ ဗုံးသီးက ၄၈ လုံးလောက်ရှိမယ်ချသွားတာ။ လူအထိအခိုက်တော့မရှိဘူး အဆောက်အအုံပျက်စီးတာတော့များတယ် အတိအကျမသိရသေးဘူး။” လို့ သတင်းအရင်းအမြစ်တဦးက Zalen ကိုပြောပါတယ်။
အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ခမ်းပါတ်မြို့နဲ့ ကနန် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများရဲ့နေအိမ်အများအပြားပျက်စီးဆုံရှုံးခဲ့ရပြီး ဒေသခံပြည်သူများနဲ့ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘူးလို့သိရပါတယ်။
စစ်ကောင်စီက ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ရှိ စစ်ရေးပစ်မှတ်အတွက် သိပ်အကျူံးမဝင်လှတဲ့ ပြည်သူ့ နေအိမ်၊ ဥစ္စာပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ အမှုန့်ချေဖို့ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက် နေတာဖြစ်ပါတယ်။
တမူးခရိုင်၊ ခမ်းပါတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့ကနေစတင်ပြီး ယနေ့ ဇွန်လ ၂၇ ရက်နေ့ထိ လေကြောင်းနဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲပြီး ဒေသခံပြည်သူတဦးလည်းသေဆုံးခဲ့ကာ လူနေအိမ်အဆောက်အအုံ အများအပြားပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွက် အဓိကကျသောအာရှလမ်းမကြီး ဖြစ်တဲ့ ကလေး-တမူးလမ်းပိုင်းနေရာများကိုထိန်းချူပ်နိုင်ပြီလို့ ဝါဒဖြန့်နေပေမယ့် လက်တွေ့မှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာကြောင့်် စစ်ကောင်စီကလေကြောင်းနဲ့ အလုံးအရင်း ဗုံးကြဲတိုက်ခိုက်နေတာဖြစ် ပါတယ်။
သတင်း – S-P









