တီးတိန်မှာ PDF-Zoland က ဖမ်းသွားတဲ့ ရွာသား ၁၂ ဦး ပြန်လွှတ်ပေးဖို့ လူ ၆၀၀ ကျော် ဆန္ဒပြ

မတ် ၂၆၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးရွာမှာ ဒေသခံရွာသား ၁၂ ဦးကို PDF-Zoland အဖွဲ့က စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းခေါ်သွားတာကြောင့် ရွာသား ၆၀၀ ကျော်က မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ လမ်းပေါ်ထွက် ဆန္ဒပြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့တုန်းက ZFU/ PDF-Zoland အဖွဲ့က အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ၃ နှစ် စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ လိုင်တွီးရွာက ဒေသခံအမျိုးသား ၁၂ ဦးနဲ့ မွီဇောလ်ရွာက အမျိုးသား ၃ဦးကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

Zalen ad

ရွာသားတွေကို ဖမ်းသွားပြီး နောက်တနေ့မှာပဲ လိုင်တွီးရွာက လူအင်အား ၆၀၀ ကျော် စုဝေးပြီး ဆန္ဒပြခဲ့ကြတာပါ။

“ဆန္ဒပြတာ ဟုတ်ပါတယ်၊ အတင်းအကြပ် ဖမ်းဆီးတာမျိုး လက်မခံနိုင်ပါဘူး။ ဆန္ဒအလျောက်၀င်တာမဟုတ်ပဲ ဖမ်းဆီးသွားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးစေချင်ပါတယ်။ ” လို့ လိုင်တွီးဒေသခံတဦးက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ရွာသားတွေဟာ ဒေသဘာသာစကားနဲ့ “PDF-Zoland အနေနဲ့ ဖမ်းထားတဲ့ လိုင်တွီးရွာသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါ” ဆိုပြီး ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

လိုင်တွီးရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး တီးတိန်မြို့ရဲ့ အနောက်ဘက်၊ တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ ရှိပါတယ်။

အခုချိန်ထိတော့ ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး PDF-Zoland ဘက်က တစုံတရာ ပြန်ပြောတာမျိုး မရှိသေးပါဘူး။

Helen

ဓာတ်ပုံ-လူမှုကွန်ယက်

#တီးတိန်#PDF-Zoland #လိုင်တွီးရွာ#ဆန္ဒပြ#Zalen

နောက်ဆုံးရသတင်းများ

မတူပီမြို့တွင် လေကြောင်းအန္တရာယ်ကြောင့် လမ်းများ အကန့်အသတ်မရှိ ယာယီပိတ်

မတ် ၂၆၊ ၂၀၂၆ Zalen ချင်းပြည်နယ် မတူပီမြို့တွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် မြင့်တက်လာနေသဖြင့် မတ်လ ၂၄ ရက်မှစပြီး လမ်းကြောင်းအားလုံးကို MRO/CDF–Matupi မှ အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ သတင်းပေါက်ကြားမှုများကြောင့် စစ်ကောင်စီဘက်မှ ...

ဆက်ဖတ်ရန်