အမေရိကန်ရဲ့အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အီရန်ပယ်ချပြီး ကိုယ်ပိုင်တောင်းဆိုချက်များထုတ်ပြန်

မတ် ၂၆ ၊ ၂၀၂၆
Zalen

အရှေ့အလယ်ပိုင်းစစ်ပွဲကို ရပ်တန့်ရန် အမေရိကန်ရဲ့အစီအစဉ်ကို အီရန်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချပြီးနောက် ကိုယ်ပိုင် တောင်းဆိုချက်ကိုထုတ်ပြန်ကာ အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံများအပေါ် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင် ခဲ့ပြီး ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လောင်စာဆီသိုလှောင်တဲ့နေရာကို ထိမှန် တာကြောင့်မီးလောင်မှုများ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးက တီဟီရန်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အမေရိကန်ကလေထီးတပ်သား နဲ့ မရိန်းတပ်ဖွဲ့ဝင်များကို ဒေသတွင်းပိုမိုဖြန့်ကျက်ထားချိန်မှာ ယခုလိုအီရန်ရဲ့ ဆန့်ကျင်မှုပေါ်ပေါက်လာခြင်းဖြစ်ပါ တယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမှုများတွင် မပါဝင်ကြောင်း၊ နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ အင်တာဗျူးတခုမှာ ပြောကြားထားပြီး အီရန်ဟာ အမေရိကန်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကိုငြင်းပယ်ပြီး တိုက်ပွဲများကို အဆုံးသတ်ရန် ၎င်းရဲ့ကိုယ်ပိုင်တောင်းဆိုမှုများ ရှိကြောင်း ဖော်ပြထားပါတယ်။

Zalen ad

အစောပိုင်းမှာအမေရိကန်ရဲ့အစီအစဉ်ကို အီရန်သို့ ပို့ပေးခဲ့တဲ့ပါကစ္စတန်မှ အရာရှိ ၂ဦးက အချက် ၁၅ ချက်ပါ အဆိုပြုချက်ကိုကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ပြီး အဆိုပါပြုချက်ထဲမှာ ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်း၊ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ရုပ်သိမ်းခြင်း၊ ဒုံးကျည်များအပေါ် ကန့်သတ်ချက်များနဲ့ ကမ္ဘာ့ရေနံရဲ့ငါးပုံတပုံ တင်ပို့တဲ့ ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းတို့ ပါဝင်တယ်လို့ဆိုပါတယ်။

အီရန်အနေဖြင့်သူ့ရဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်သို့မဟုတ် သူ့ရဲ့လုံခြုံရေးအတွက်အဓိကသော့ချက်အဖြစ်ရှုမြင်ထားတဲ့ ဒေသတွင်းစစ်သွေးကြွများထောက်ခံမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှာမဟုတ်ကြောင်း ယခင်ကတည်းက အခိုင်အမာပြောကြားထားပြီး ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာမှုအား ထိန်းချုပ်နိုင်စွမ်းဟာ သူ့ရဲ့မဟာဗျူဟာမြောက်အားသားချက်များထဲက တခုဖြစ်ပါတယ်။

အီရန်ရဲ့ ဒေသတွင်း စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများနဲ့အတူ ရေလက်ကြားအပေါ် ကန့်သတ်ချက်များကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အမေရိကန်အနေဖြင့် ပိတ်ဆို့မှုကို အဆုံးသတ်ရန်နဲ့ ဈေးကွက်များကို ငြိမ်သက်စေဖို့နည်းလမ်းရှာဖွေရန် ဖိအားပေးလာခဲ့ပါတယ်။

အမေရိကန်ဟာ သူ့ရဲ့လေတပ်မှ အနည်းဆုံးတပ်ဖွဲ့ဝင် ၁၀၀၀ ကျော် နဲ့အထူးလေ့ကျင့်ထားတဲ့ မရိန်းတပ်သား ထောင်ပေါင်းများစွာကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်နေတယ်လို့ သိရပါတယ်။

အမေရိကန်အများစုက အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရေးလုပ်ဆောင်မှုဟာ အလွန်အကျွံ လွန်ကဲသွားတယ်လို့ ယုံကြည်ကြပြီး စက်သုံးဆီဈေးနှုန်းအတွက် စိုးရိမ်နေကြကြောင်း AP-NORC စစ်တပ်အသစ်တစ်ခုအရ သိရပါ တယ်။

လက်ရှိမှာ အီရန်နဲ့ အမေရိကန်တို့အကြား လူချင်းတွေ့ဆုံဆွေးနွေးရန် တွန်းအားပေးနေပြီး ဖြစ်နိုင်ချေမှာ သောကြာနေ့တွင် ပါကစ္စတန်မှာ တွေ့ဆုံဆွေးနွေးရန် တွန်းအားပေးနေကြောင်း အီဂျစ်နဲ့ပါကစ္စတန်အရာရှိများက ပြောကြားခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုမှာပါဝင်ဖို့အတွက် အမေရိကန်ဘက်ကနေ အထူးသံတမန် Steve Witkoff၊ ထရမ့်ရဲ့သားမက် Jared Kushner၊ နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ဒုတိယသမ္မတ JD Vance တို့ ပါဝင်တယ်လို့ ထရမ့်က ပြောကြားခဲ့ပေမယ့် အီရန်မှ မည်သူမည်ဝါ ပါဝင်သည်ကိုတော့ မဖော်ပြပါ။

အီရန်ဘက်ကတော့ အီရန်အရာရှိများကို သတ်ဖြတ်ခြင်းအားရပ်တန့်ရန်၊ အီရန်အပေါ် အနာဂတ်တိုက်ခိုက်မှုများမှ ကာကွယ်မှုများပေးရန်၊ စစ်ပွဲအတွက် လျော်ကြေးပေးရန်၊ ရန်လိုမှုများ အဆုံးသတ်ခြင်းနဲ့ အီရန်ရဲ့ ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာ အာဏာကို ကျင့်သုံးခြင်း တို့ ပါဝင်သော အချက်ငါးချက်ပါ အဆိုပြုချက်ကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သော Press TV က ဖော်ပြထား ပါတယ်။

ယင်းအစီအစဉ်များအနက် အထူးသဖြင့် စစ်ပွဲလျော်ကြေးပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကိုဆက်လက်ထိန်းချုပ် ထားရန်တို့မှာ အမေရိကန်က လက်ခံနိုင်ဖွယ်မရှိတဲ့အချက်များဖြစ်ပါတယ်။

အမေရိကန်နဲ့ အီရန်အကြားဘယ်လိုဆွေးနွေးပွဲမဆို ကြီးမားတဲ့စိန်ခေါ်မှုများနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အီရန်အစိုးရ ဘက်မှ ဘယ်သူက ဆွေးနွေးပွဲအတွက် အခွင့်အာဏာရှိပြီး ဘယ်သူကဆွေးနွေးလိုစိတ်ရှိတာလဲဆိုတာ ရှင်းရှင်း လင်းလင်းမသိရသေးပါ။

ထရမ့်အစိုးရလက်ထက်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ စစ်ပွဲစတင်ချိန်အပါအဝင် အဆင့်မြင့်သံတမန်ဆွေးနွေးပွဲများ အတွင်း နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုအပေါ် အီရန်က အလွန်သံသယရှိ နေဆဲဖြစ်ပါတယ်။

ဒီပဋိပက္ခများအတွင်း အီရန်မှာ လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အစ္စရေးမှာ လူ ၂၀ သေဆုံးပြီး အစ္စရေးစစ်သားနှစ်ဦးလည်း လက်ဘနွန်တွင် သေဆုံးခဲ့ပါတယ်။

အလားတူ အနည်းဆုံး အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံများရှိ အရပ်သား တစ်ဒါဇင်ကျော်လည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လက်ဘနွန်မှာ လူပေါင်း ၁၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး အီရန်က ထောက်ပံ့ထားသော စစ်သွေးကြွအဖွဲ့များ ပဋိပက္ခတွင် ပါဝင်လာတဲ့ အီရတ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ဦး သေဆုံး ခဲ့ပါတယ်။

ကိုးကား – AP News
သတင်း – Mickey

နောက်ဆုံးရသတင်းများ

မတူပီမြို့တွင် လေကြောင်းအန္တရာယ်ကြောင့် လမ်းများ အကန့်အသတ်မရှိ ယာယီပိတ်

မတ် ၂၆၊ ၂၀၂၆ Zalen ချင်းပြည်နယ် မတူပီမြို့တွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် မြင့်တက်လာနေသဖြင့် မတ်လ ၂၄ ရက်မှစပြီး လမ်းကြောင်းအားလုံးကို MRO/CDF–Matupi မှ အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ သတင်းပေါက်ကြားမှုများကြောင့် စစ်ကောင်စီဘက်မှ ...

ဆက်ဖတ်ရန်