ချင်းပြည်နယ်မှာ စစ်ကောင်စီကြောင့် ၅ နှစ်အတွင်း  ကလေးငယ် ၁၀၆ ဦး သေဆုံးကြောင်း CHRO ထုတ်ပြန်

မတ်၂၇၊ ၂၀၂၆

Zalen

Zalen ad

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ အပြစ်မဲ့ကလေးငယ်ပေါင်း ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) က မတ် ၂၇ ရက် ဒီနေ့ မှာ စာရင်းဇယားနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း အသက် ၁၈နှစ်အောက် ကလေးသူငယ် စုစုပေါင်း ၁၀၆ ဦးမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အချက်အလက်များအရ ကလေးငယ်တွေ သေဆုံးရတဲ့ အဓိကအကြောင်းရင်းမှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။

စုစုပေါင်း သေဆုံးမှုရဲ့ ထက်ဝက်ကျော် (၅၃ ဦး) မှာ လေကြောင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုများကြောင့် ၃၈ ဦး သေဆုံးခဲ့ပြီး တိုက်ရိုက်ပစ်ခတ်ခံရမှုနဲ့ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားကြတဲ့ ကလေးငယ်များထဲမှာ နို့စို့အရွယ် ကလေးငယ်များမှစ၍ အသက် ၁၈ နှစ်အောက် လူငယ်များအထိ ပါဝင်နေပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေ ခိုလှုံရာ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ လူနေအိမ်ခြေတွေကို ပစ်မှတ်ထား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတို့ကြောင့် ကလေးငယ်တွေရဲ့ အသက်လုံခြုံခွင့်မှာ အလွန်စိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိနေပါတယ်။

လက်ရှိ ချင်းပြည်နယ်ရဲ့ မြို့နယ်တချို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သားသေဆုံးမှုနှုန်းမှာလည်း ဆက်လက် မြင့်တက်နေဆဲပါ။

သတင်း-ဆလိုင်း

ဓာတ်ပုံ- CHRO

#CHRO #ချင်းပြည်နယ်#စစ်ကောင်စီ#ကလေးငယ် #သေဆုံး#Zalen

နောက်ဆုံးရသတင်းများ

AI (ChatGPT) တွေက မှားနိုင်တယ်လို့ ဂျာမန်သုတေသီတဦးပြော

မတ် ၂၇၊ ၂၀၂၆။ Zalen ဂျာမန်သုတေသီတဦးရဲ့ စမ်းသပ်ချက်အရ ChatGPT လို AI မော်ဒယ်တွေဟာ အဓိပ္ပါယ်မရှိတဲ့ စာသားတွေကိုတောင် စာပေအရည်အသွေးကောင်းတယ်လို့ သတ်မှတ်နိုင်ခြေရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်က AI ကို အပြည့်အဝ ယုံကြည်အသုံးပြုမှုအပေါ် ...

ဆက်ဖတ်ရန်