ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ယင်းသို့ပြောပြီးနောက် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းပိုင်းကစလို့ ချင်းပြည်နယ်ရဲ့ မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ စစ်မှုထမ်းဖို့လူငယ်များစတင်စုဆောင်းနေတယ်။

စစ်မှုထမ်းကာလဟာ ၃ နှစ်ဖြစ်ပြီး အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူ ချင်းအမျိုးသား အသက်၁၆နှစ်မှ ၃၅နှစ်အတွင်း အသက်အရွယ်ရောက်ပြီးသူတိုင်းဟာ မိမိတို့ရဲ့ အမျိုးသားရေးအသိစိတ်နဲ့ တော်လှန်ရေး တိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ စစ်မှုထမ်းပြီး အင်အားဖြည့်တင်းပေးကြဖို့ ပြောထားပါတယ်။
အထက်ပါ စစ်မှုထမ်းအကြောင်းအရာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များကို မေးမြန်းစုံစမ်းခဲ့ပါတယ်။ မှတ်ချက် – သတင်းအကြောင်းအရာထဲမှ အမည်များသည် အမည်လွှဲများသာဖြစ်ပါတယ်။
ဖလမ်းမြို့ မှ ချယ်ရီ
စစ်တပ်ဦးဆောင်တဲ့ဘယ်အဖွဲ့အစည်းနဲ့မဆို ခုလိုစစ်မှုထမ်းတယ်ဆိုတာ ကြုံနိုင်တဲ့ကိစ္စလို့ပြောလို့ရပါတယ်။
ဒါပင်မဲ့လည်း အခုလို ပြည်သူ့ဆန္ဒမပါပဲ အကြမ်းဖက်လုပ်ရပ်ဆန်တဲ့ အတင်းအဓ္ဓမ စစ်သားစုဆောင်းတာကို ရှုတ်ချပါတယ်။
ကလေးမြို့မှ Kim
လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေတိုင်း တပ်သားဆိုတာလိုအပ်နေမှာပါပဲ။ လူငယ်တွေဖြစ်တဲ့ ကျနော်တို့ဟာလည်း တာဝန်ထမ်းဆောင်ဖို့အသင့်ပါပဲ ဒါမဲ့ ဘက်လိုက်မှုကင်းပြီး အာဏာရှင်မဆန်တဲ့ အုပ်ချုပ်မှု ဖြစ်ဖို့တော့ လိုအပ်တာပေါ့။ တခြားသူတွေကိုတော့ စစ်မှုထမ်းဖို့ခေါ်ပြီး သူတို့တွေရဲ့ သားသမီးဆွေမျိုးတွေတော့ ကင်းလွတ်ခွင့်ဆိုတာမျိုး အာ့တခုတော့မကြိုက်ဘူးဗျ။
တမူးမြို့မှ Helium
အခုလက်ရှိ CNA နှင့်လက်အောက်ခံ အဖွဲ့ တွေက စစ်မှုမထမ်းမနေရလို့ ထုတ်ပြန်တဲ့အပေါ်မှာ အရမ်းကြီးစိုးရိမ်မိပါတယ်။ CB ထိန်ချုပ်ဒေသ တွေမှာ မကြာသေးခင်က မြို့သိမ်းတိုက်ပွဲတွေဆင်နွဲတဲ့အတွက် ချင်းပြည်သူ၊ လူငယ်တော်တော်များများက CC ထိန်းချုပ်ဒေသတွေမှာ စစ်ရှောင်နေရပါတယ်။ ကလေးမြို့နယ်ဘက်ကနေရော စကမ ကတပ်သားသစ်အပြင်းအထန် စုဆောင်းကြလို့ ချင်းပြည်နယ် ကို ပြေးတဲ့လူငယ် တွေလည်းရှိပါတယ်။ အဲ့ ဒီလိုလူငယ်တွေအတွက်ဆိုရင် ဝင်မယ့်ဝင် မိမိတို့ မြို့နယ် အခြေစိုက် တပ်ရင်း တပ်ဖွဲ့တွေ ဆီမှာ ပိုပြီး ဝင်ချင်ပါတယ်။ အခု တပ်သားသစ်စုဆောင်းနေတဲ့ CNA/Fရဲ့နယ်မြေမှာဆိုရင် စကစ စခန်းတွေအများကြီးကျန်နေသေးတော့ ပိုပြီးတော့ဆိုးရိမ်မိတယ်။ ကျွန်တော်ကတော့ ထန်တလန်လို စခန်းငယ်လေးတောင်မသိမ်းနိုင်တဲ့အဖွဲ့ဆီမှာတော့မဝင်ချင်ပါဘူး။ CC ရဲ့ရှိပြီးသားတပ်သားတွေတောင် ကျဉ်ဆံ၊စားနပ်ရိတ်ခါ၊ equipment စစ်သုံးပစ္စည်း နှင့် မောင်ပြန်သေနတ် တွေ လုံလုံလောက်လောက် မရှိတဲ့ကြားထဲက လူသစ် ထပ်စုဆောင်းမယ်ဆိုတာကတော့ လုံးဝ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ တပ်သားသစ်ခေါ်မယ်ဆိုရင်လည်း အတင်းအကြပ်ဖမ်းတာမျိုးမဟုတ်ဘဲ စည်းရုံးရေး ကောင်းကောင်းလေးဆင်းပြီး ခေါ်ခိုင်းစေချင်ပါတယ်။
ထန်တလန်မြို့နယ်မှ ဦးဗျက်လှေကျုံး
“ဒီလိုမျိုးအတင်းစစ်သားစုဆောင်းတာမျိုးတော့မဖြစ်စေချင်ဘူး။ ဘာဖြစ်လိုလဲဆိုတော့ ဒီလိုလုပ်ဆောင်ခြင်း ကြောင့် ဒေသတွင်းအောက်ခြေ မိသားစုတွေအတွက် ပိုကြပ်တည်း လာလို့ပါ။ လက်ရှိကျေးရွာတွေအများစုမှာ နေတဲ့ လူငယ်တွေကိုလိုက်ဖမ်းနေကြတော့ တချို့ပါသွားတယ်၊ တချို့ ထွက်ပြေးကြတဲ့အနေအထားဆိုတော့ ရွာတွေမှာ လူငယ်တွေတော်တော်ရှားလာပါတယ်။ ဒီတော့ မိသားစုအလုပ် အသေးမွှားကအစ စားဝတ်နေရေး အလုပ်တွေအထိ ထိခိုက်လာနိုင်တယ်”
နောက်တစ်ချက်က ”မိမိစိတ်ဆုံးဖြတ်ချက် နဲ့ စိတ်ပါလက်ပါ ပါဝင်တဲ့သူမဟုတ်ဘဲ အခုလိုအတင်းဖမ်းဆီးထားတဲ့ လူတွေဆိုတာ သူတို့စိတ်ခိုင်မယ်လို့မထင်ဘူး။ တနေ့တနေ့ ထွက်ပြေးဖို့ဘဲတွေးကြလိမ့်မယ်လို့ထင်တယ်။ နောက်ပိုင်းမှာအဲလိုမျိုးရှိလာရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေကပြန်ဖမ်းမယ်၊ ဒီလိုမျိုးတွေဆက်တိုက်ဖြစ်နေ မယ်ဆိုရင် နောက်ပိုင်းပြည်သူတွေကလည်းတော်လှန်ရေးသမားတွေအပေါ်အမြင်မကြည်တော့ဘဲ အားမပေးတော့တာတွေ အထိဖြစ်လာနိုင်တယ်။ ပြည်တွင်းပြည်ပ ပြည်သူက အားမပေး၊မထောက်ပံ့တော့ရင် နောက်ဆုံးတော်လှန်ရေးလည်းထိခိုက်လာနိုင်တယ်လို့မြင်တယ်။”
တီးတိန်မြို့နယ်မှ ဒေသခံ ကိုဝီလီယံ
” ဆန္ဒရှိတဲ့သူတွေကို ၀င်ခိုင်းတာကတော့ ကောင်းပါတယ်၊ အင်အားပိုတောင့်တာပေါ့နော်။ ဒါပေမယ့် အတင်းအကြပ်ဖမ်းဆီးရင် စစ်တပ်ရဲ့ ပေါ်တာဆွဲနဲ့ ဘာကွာတော့လို့လဲ။ ကျနော်တို့က စစ်အာဏာရှင်ကို မကြိုက်လို့ လက်မခံလို့ တော်လှန်နေတာ၊ တော်လှန်ရေးအဖွဲ့တွေကပါ ဒီလို လုပ်လာရင် ကြာရင် ပြည်သူက တော်လှန်ရေးကိုပါ စိတ်ပျက်လာကြလိမ့်မယ်။
တီးတိန်မြို့မှ ဦးခန်၀ုန်
” တော်လှန်ရေး စကတည်းက နိုင်သမျှ ပံ့ပိုးတဲ့သူတွေ ရှိတယ်၊ လူငယ်တပ်ဖွဲ့တွေထဲ ၀င်လို့ရတဲ့ သူတွေဆို ၀င်တယ်။ အခု စစ်မှုမထမ်း မနေရဆိုတာကတော့ လက်မခံနိုင်ဘူး။ မိသားစုထဲက အရွယ်ရောက်တဲ့သူတိုင်း ၀င်ခိုင်းရင်တော့ မတရားဘူးလို့ မြင်တယ်။ တခြားနည်းနဲ့လည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ထောက်ပံ့နေကြတာပါပဲ။”
ပလက်ဝမြို့နယ်မှ ဒီယံ
ပြည်သူအများစုက လက်ရှိကာလကို “ရှင်သန်ရေးတိုက်ပွဲ” ကာလလို့ မြင်ကြပါတယ်။ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက် စနစ်တကျလေ့ကျင့်ထားတဲ့ စစ်သည်အင်အား လိုအပ်တာကို နားလည်ပါတယ်။ ကျနော်တို့ရဲ့ နယ်မြေ၊ လူမျိုးကို တခြားသူက လာရောက်ကာကွယ်ပေးမှာမဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင် တာဝန်ယူရမယ်ဆိုတဲ့ အသိစိတ်က တွန်းအားတခုဖြစ်စေပါတယ်။ ခုလိုစစ်သားစုဆောင်း တဲ့အပေါ် ကျနော်ကတော့ ကြိုဆိုပါတယ်။
ပလက်ဝမြို့ မှ အိုက်အာပူစူ (စစ်တွေတက္ကသိုလ်ကျောင်းသား)
ပြည်သူတွေရဲ့ နေ့စဉ်ဘဝ ရုန်းကန်နေရမှုတွေကြောင့် ခုလိုစစ်သားစုဆောင်းတာကို စိုးရိမ်စိတ်တွေလည်း ရှိနေပါတယ်။ အိမ်တအိမ်ရဲ့ အဓိကလုပ်ကိုင်ကျွေးမွေးနေသူ စစ်မှုထမ်းသွားရမယ်ဆိုရင် ကျန်ရစ်သူမိသားစုရဲ့ စားဝတ်နေရေးကို ဘယ်လိုပံ့ပိုးပေးမလဲ။ ပြီးတော့ လူငယ်တွေအနေနဲ့ ပညာသင်ကြားရမယ့်အရွယ်မှာ စစ်မြေပြင်ရောက်သွားရင် သူတို့ရဲ့ အနာဂတ်နဲ့ ဒေသတွင်း ပညာတတ်ရှားပါးမှုကို စိုးရိမ်စရာပါပဲ။ ငွေကြေးပြည့်စုံ သူတွေက ကင်းလွတ်ခွင့်ရပြီး သာမန်ဆင်းရဲသားပြည်သူတွေပဲ စစ်မှုထမ်းရမှာမျိုး မဖြစ်စေချင်ကြပါဘူး။ အားလုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပြည်သူတဦးအနေနဲ့ CC အစိုးရကို ဘယ်လိုလူမျိုးတွေကို ဘယ်လိုစနစ်နဲ့ ရွေးချယ်မလဲဆိုတာ တိကျရှင်းလင်းဖို့ လိုပါတယ်။ စစ်မှုထမ်း နေစဉ်အတွင်း ကျန်ရစ်သူမိသားစုကို စောင့်ရှောက်မယ့် အစီအစဉ် ပါဝင်ဖို့။ ဒီဥပဒေဟာ ပြည်သူကို ဖိအားပေးတာမျိုးမဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေကြားမှာ ပိုမိုစည်းလုံးစေတဲ့ ခြေလှမ်းတခု ဖြစ်စေချင်ပါတယ်။
ကန်ပက်လက်မြို့ မှ ဒေသခံ EM
လက်ရှိကျင့်သုံးနေတဲ့ စစ်မှုထမ်းစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အပြုသဘောဆောင်တဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒါဟာ နိုင်ငံကို ဆန့်ကျင်တာမျိုးထက်၊ နိုင်ငံရဲ့ အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ လမ်းစကို ရှာဖွေချင်တဲ့ ဆန္ဒသာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အင်အားဟာ လူငယ်တွေရဲ့ ပညာရေး၊ ကျွမ်းကျင်မှုနဲ့ ဖန်တီးနိုင်စွမ်းပေါ်မှာ မူတည်နေပါတယ်။ အခုလို အတင်းအကျပ် ပုံစံမျိုးနဲ့ စစ်မှုထမ်းခိုင်းတာဟာ လူငယ်တွေရဲ့ ပညာသင်ကြားခွင့်နဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ရပ်တန့်စေနိုင်တယ်လို့မြင်မိတယ်။ လူငယ်တွေကို စစ်မြေပြင်ထက် ပညာရေးပိုင်းတွေမှာ အသုံးချနိုင်မှသာ ရေရှည်မှာ တိုင်းပြည်တိုးတက်မှ ဖြစ်တယ်။ မိသားစုတိုင်းပဲဖြစ်ဖြစ် နိုင်ငံပဲဖြစ်ဖြစ် လူငယ်သာ ဆိုတာ အားကိုးရာဖြစ်သလို၊ အနာဂတ်ရဲ့ မျှော်လင့်ချက်လည်း ဖြစ်တယ်။ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ စစ်မှုထမ်းခိုင်းခြင်းက လူမှုအသိုင်းအဝိုင်းအတွင်းမှာ မလုံခြုံမှုနဲ့ စိတ်ဖိစီးမှုတွေကို မြင့်တက်စေပါတယ်။ ဒါဟာ ပြည်သူနဲ့ အုပ်ချုပ်သူကြား ယုံကြည်မှုကို ပိုမိုပျက်ပြားစေနိုင်တဲ့အတွက် စိုးရိမ်မိပါတယ်။
ကန်ပက်လက်မြို့မှ ထန်
ဘယ်ကိစ္စမဆို ပြည်သူက ကြည်ဖြူစွာနဲ့ ကိုယ်တိုင်ဆန္ဒရှိမှသာ ထိရောက်တဲ့ ရလဒ် ထွက်မှာပါ။ ပြည်သူကို စနစ်တကျ ရှင်းလင်းတင်ပြအသိပေးပြီး ပြည်သူ့ဆန္ဒကို နားထောင်သင့်တယ်။
အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်တို့နိုင်ငံမှာ အခုလိုအပ်နေတာဟာ အတင်းအကျပ် အင်အားသုံးတာထက် တွေ့ဆုံဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာခြင်းသာ ဖြစ်ပါတယ်။ ပြည်သူတွေ အကြောက်တရားမရှိဘဲ မိမိတို့ရဲ့ လုပ်ငန်းခွင်နဲ့ ပညာရေးမှာ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ တောင်းဆိုချင်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတာဟာ ပြည်သူ့မေတ္တာကို ရရှိမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
စာတည်း- Zalen
ဓာတ်ပုံ-Ai
#Zalen#ChinlandCouncil#ပြည်သူ့သဘောထား



















