ဧပြီ ၂၂၊ ၂၀၂၆
Zalen
အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ဆက်လက် အနှောင့်အယှက်ဖြစ်ပေါ်နေပါက ဘေးကင်းလုံခြုံ လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံး ထုတ်လုပ်သူ Karex ကုမ္ပဏီ ရဲ့ CEO က ပြောကြားလိုက်ပါတယ်။
မလေးရှားအခြေစိုက် Karex ကုမ္ပဏီ CEO ဖြစ်သူ Goh Miah Kiat စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ အနှောင့်အယှက်ဆွေ မည်မျှကြာရှည်မည်ဆိုတဲ့အပေါ် မူတည်၍ ကုန်ပစ္စည်းဈေးနှုန်းတွေကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်အထိ မဖြစ်မနေ မြှင့်တင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေ ကြောင့် ကွန်ဒုံးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
“အခြေအနေက တော်တော်လေးကို စိုးရိမ်စရာကောင်းပြီး ကုန်ကျစရိတ်တွေက အရမ်းကြီးနေပါတယ်။ အခုလောလောဆယ်မှာတော့ တက်လာတဲ့စရိတ်တွေကို ဝယ်ယူသူတွေဆီ လွှဲပြောင်းဖို့ကလွဲလို့ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ မရှိတော့ပါဘူး” လို့ CEO ဖြစ်သူ Goh က ပြောကြားခဲ့ပါတယ်။
Karex ဟာ တစ်နှစ်လျှင် ကွန်ဒုံးအလုံးရေ ၅ ဘီလီယံကျော် ထုတ်လုပ်နိုင်ပြီး ONE, Trustex, Carex နဲ့ Pasante အစရှိတဲ့ နာမည်ကြီး တံဆိပ်တွေကို ထုတ်လုပ်ကာ နိုင်ငံပေါင်း ၁၃၀ ကျော်သို့ တင်ပို့နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
CEO ရဲ့ အဆိုအရ ကုန်ထုတ်လုပ်မှုနဲ့ ထုပ်ပိုးမှုစရိတ်တွေ မြင့်တက်လာရုံသာမက သယ်ယူပို့ဆောင်ရေးမှာလည်း ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“အခုအချိန်မှာ ကွန်ဒုံးအမြောက်အမြားဟာ လိုအပ်နေတဲ့ နေရာတွေကို မရောက်နိုင်သေးဘဲ သင်္ဘောတွေပေါ်မှာတင် သောင်တင်နေရတယ်”လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။
အီရန်စစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာခြင်းက လူအများအာရုံစိုက်စရာ ဖြစ်နေသော်လည်း ကွန်ဒုံးထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ရေနံထွက်ပစ္စည်း ဘေးထွက်ကုန်ကြမ်းတွေဖြစ်သော နက်ဖ်သာ၊ ဆီလီကွန်ဆီ နဲ့ အမ်မိုးနီးယား တို့လည်း ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အာရှတိုက်မှာ အသုံးပြုနေတဲ့ နက်ဖိသာရဲ့ ၄၁ ရာခိုင်နှုန်းမှာ အရှေ့အလယ်ပိုင်းဒေသမှ လာခြင်းဖြစ်ပြီး မလေးရှားကဲ့သို့ ကုန်ချောထုတ်လုပ်တဲ့ နိုင်ငံများအနေဖြင့် ကုန်ကြမ်းမရရှိပါက ဈေးနှုန်းမြှင့်တင်ခြင်းဖြင့်သာ တုံ့ပြန်နိုင်မည်ဖြစ်ပါတယ်။
လက်ရှိ Karex ကုမ္ပဏီမှာ လာမယ့် လအနည်းငယ်စာအတွက် ကုန်ကြမ်းလက်ကျန်ရှိနေသေးသော်လည်း စစ်ပွဲကြာရှည်လာပါက ကမ္ဘာတစ်ဝန်း ကွန်ဒုံးဈေးနှုန်း မြင့်တက်မှုဒဏ်ကို ရှောင်လွှဲနိုင်မည်မဟုတ်ပါဘူး။
သတင်း-ဆလိုင်း
ကိုးကား-CNN
















