ဧပြီ ၂၄ ၊ ၂၀၂၆
Zalen
မီဇိုရမ်ပြည်နယ်၊ မီဇိုရမ်ကျောင်းပညာရေးဘုတ်အဖွဲ့ ( Mizoram Board of School Education – MBSE ) ရဲ့ အထက်တန်းကျောင်းပြီးမြောက်ခြင်းလက်မှတ် (High School Leaving Certificate – (HSLC – 2026) ကို မနေ့ ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ရာ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ချင်းကျောင်းသူက အမှတ်အများဆုံးရရှိပါ တယ်။
အမှတ်အများဆုံးရရှိသူမှာ ရာချဲလ် ဗျက်ထပါရ် ( Rachel Biak Ṭha Par ) လို့သိရပြီး သူဟာ အိုင်ဇောလ်မြို့၊ Ramhlun North ရပ်ကွက်ရှိ St. Joseph Higher Secondary School မှာတက်ရောက်သူလို့သိရပါတယ်။
ရာချဲလ် ဗျက်ထပါရ် ( Rachel Biak Ṭha Par ) ရဲ့ မွေးဖခင်မှာ ချင်းပြည်နယ်၊ ဟားခါးဇာတိ၊ Salai Chan Uk Khenglawt လို့သိရပြီး မိခင်မှာ Pi V. Lallianmawi လို့သိရပါတယ်။

Salai Chan Uk Khenglawt ဟာ ၁၉၈၀ ပြည့်လွန်နှစ်များမှာ ချင်းပြည်နယ်ကနေ မီဇိုရမ်ပြည်နယ်ဘက်ကို ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ Serchhip ခရိုင်၊ အရှေ့လုံဒါရ်ကျေးရွာမှာနေထိုင်ကြတယ်လို့သိရ ပါတယ်။
သူတို့အကြောင်းသိရှိသူတစ်ဦးက “Rachel ရဲ့အဖေက ၁၉၈၀ နောက်ပိုင်းဒီဘက်ကိုပြောင်းလာပြီးတော့ ဒီမှာ လည်း ကျောင်းအုပ်အထိ တာဝန်ထမ်းဆောင်ပြီးပင်စင်ယူထားသူလို့သိရတယ်။ တကယ့်ဇာတိကတော့ ချင်းပြည်နယ်၊ ဟားခါးက ဖြစ်ပေမယ့် အခုတော့ဒီမှာ လိုအပ်တဲ့အထောက်အထားတွေအကုန်ရှိပြီးသားပုံစံပေါ့။ ဒီကရေခံမြေခံလို့ဖြစ်နေကြပါပြီ။” လို့ ပြောပါတယ်။
ရာချဲလ် ဗျက်ထပါရ် ( Rachel Biak Ṭha Par ) ဟာ စုစုပေါင်းအမှတ် ၅၀၀ မှ ၄၈၀ အထိရရှိထားပြီး ဘာသာစုံ ဂုဏ်ထူးလည်းရရှိထားပါတယ်။
သတင်း – Mickey

















