မေလ ၁၈၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ထန်ဇန် (Thangzang) ကျေးရွာမှာ မေလ ၁၆ ရက် ည ၈ နာရီဝန်းကျင်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တစ်ဦးကို အိမ်နီးနားချင်းတွေက ဘေးကင်းအောင် အချိန်မီ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးရဲ့ မိခင်ဖြစ်သူဟာ အိပ်ပျော်နေတဲ့ ကလေးကို အိမ်ထဲမှာ ထားခဲ့ပြီး သော့ခတ်ကာ အပြင်ကို ထွက်သွားနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
ကလေးငယ်ဟာ အိပ်ရာကနိုးလာပြီး အခန်းထဲက ထင်းရှူးဆီမီးတိုင်ကို မီးညှိရာကနေတစ်ဆင့် နေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်နီးချင်းဖြစ်တဲ့ Pa Kham Suan Lang နဲ့ Pa Suut Khan Lang တို့က ကယ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။
” မီးလောင်တော့ အိမ်နီးချင်းတွေက သော့ကို ရိုက်ဖျက်ပြီး ကလေးကို ဝင်ကယ်ခဲ့ကြတာ။ ကလေးကတော့ ဘာဒဏ်ရာမှမရဘူး၊ မြင်တာနောက်ကျရင်သွားရင်တော့ မလွယ်ဘူး။ အိမ်ကတော့ ပြာကျသွားတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမဲ့ နေအိမ်တစ်လုံးလုံး မီးထဲပါသွားခဲ့တဲ့အပြင် အိမ်အောက်မှာ မွေးမြူထားတဲ့ ဝက်တစ်ကောင်လည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရပါတယ်။
Emily
ဓာတ်ပုံ- တီးတိန်မြို့နယ် ထန်ဇန် (Thangzang) ကျေးရွာမှာ မေလ ၁၆ ရက် ည ၈ နာရီဝန်းကျင်က နေအိမ်တလုံး မီးလောင်မှုဖြစ်စဉ်။
#တီးတိန်မြို့နယ် #ထန်ဇန်(Thangzang)ကျေးရွာ#မီးလောင်မှု#Zalen
















