ဇွန် ၁၁၊ ၂၀၂၆
Zalen
တာလီဘန်အဖွဲ့ရဲ့ တင်းကျပ်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ မိန်းကလေးငယ် ၃.၈ သန်းနီးပါး ကျောင်းပြင်ပရောက်နေရပြီး ပညာသင်ကြားခွင့် ဆုံးရှုံးနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးက တနင်္လာနေ့မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအထူးကိုယ်စားလှယ် ဂျော့ဂျက် ဂဂ်နွန် ( Ms. Georgette Gagnon) က တာလီဘန်တို့ရဲ့ အလယ်တန်းနဲ့ အဆင့်မြင့်ပညာရေး ပိတ်ပင်တဲ့ မူဝါဒတွေကြောင့် စာသင်ခန်းတွေဆီ မတက်ရောက်နိုင်တော့တဲ့ မိန်းကလေးငယ် အရေအတွက်ဟာ ဆက်လက်တိုးပွားလျက်ရှိပြီး၊ ၎င်းတို့အတွက် ပညာသင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေးမှာ ပါဝင်ခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
“အသက် ၇ နှစ်ကနေ ၁၈ နှစ်ကြား မိန်းကလေးငယ် ခန့်မှန်းခြေ ၃.၈ သန်း ကျောင်းမတက်နိုင်ဘဲ ဖြစ်နေရပြီး အဲဒီထဲမှာ အသက်အရွယ်ကြီးတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ် ၂.၆ သန်းကျော် ပါဝင်နေပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

နှစ်စဉ် မိန်းကလေးငယ် ပေါင်း ၂၅၀,၀၀၀ ခန့်ဟာ အလယ်တန်းပညာရေး လမ်းကြောင်းကနေ အပြီးတိုင် ဖယ်ထုတ်ခံနေရပြီး ဒါဟာ အနာဂတ်မှာ တိုင်းပြည်အတွက် အားကိုးရမယ့် အရည်အချင်းနဲ့ အလားအလာရှိတဲ့ မျိုးဆက်သစ်တရပ်လုံး ဆုံးရှုံးနစ်နာနေရတယ်လို့ ဆိုပါတယ်။
အဲဒီကန့်သတ်ပိတ်ပင်မှုတွေဟာ ပညာရေးကဏ္ဍတခုတည်းတင်မကဘဲ အခြားကဏ္ဍအသီးသီးဆီပါ ရိုက်ခတ်မှုတွေ ရှိနေကြောင်း၊ လက်ရှိကြုံတွေ့နေရတာဟာ စနစ်တကျနဲ့ အဖွဲ့အစည်းအလိုက် ပြုလုပ်တဲ့ ပြင်းထန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဖြစ်ပြီး အာဖဂန်လူ့အဖွဲ့အစည်းတခုလုံးအတွက် ရေရှည်မျိုးဆက်အလိုက် ဆိုးကျိုးတွေ သက်ရောက်စေလိမ့်မယ်လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဆန်းစစ်ချက်တွေအရ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အပေါ် ကန့်သတ်ထားမှုတွေဟာ အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးကို ထိခိုက်ပျက်စီးစေနေပြီဖြစ်တယ်လို့ သိရပါတယ်။
” ကျန်းမာရေးနဲ့ ပညာရေးလို ကဏ္ဍမျိုးတွေမှာ အရည်အချင်းပြည့်မီတဲ့ အမျိုးသမီး ပညာရှင် အရေအတွက် ကျဆင်းလာနေပြီး လာမယ့် ၂၀၃၀ ပြည့်နှစ်အရောက်မှာ ကျွမ်းကျင်လုပ်သား ၂၅,၀၀၀ ကျော် ဆုံးရှုံးသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်” လို့ မစ္စဂဂ်နွန်က ပြောပါတယ်။
“ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် လက်ရှိအာဏာပိုင်တွေအနေနဲ့ အာဖဂန်ပြည်သူအားလုံးရဲ့ အကျိုးစီးပွားအတွက် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အပေါ် ကန့်သတ်ပိတ်ပင်ထားမှုတွေကို အဆုံးသတ်ပေးဖို့ လိုအပ်ပါတယ်။”
လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း တာလီဘန်တို့ဟာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ “လျော်ကန်တဲ့ ဟီဂျပ် (ခေါင်းခြုံပုဝါ)” မပါဘဲ အမျိုးသမီးတွေ လူမြင်ကွင်းဆီ ထွက်တာကို ပိတ်ပင်တဲ့ ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
အဆိုပါ ဝတ်စားဆင်ယဉ်မှု စည်းမျဉ်းကို မလိုက်နာဘဲ မျက်နှာဖော်ထားသူ သို့မဟုတ် မိတ်ကပ်လိမ်းထားသူ အမျိုးသမီးတွေကို အပြစ်ပေး အရေးယူသွားမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
တာလီဘန်တို့ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ အမိန့်ညွှန်ကြားချက် ပေါင်း ၂၃၀ ကျော် ထုတ်ပြန်ခဲ့ပြီး၊ ယင်းတို့အထဲမှာ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အကျင့်စာရိတ္တ မြှင့်တင်ရေးနဲ့ ဒုစရိုက်တားဆီးရေးဥပဒေ (PVPV) လည်း ပါဝင်ပါတယ်။
“တာလီဘန်တွေရဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုဟာ တိုက်ဆိုင်မှုတခု မဟုတ်ပါဘူး။ သူတို့ရဲ့ အုပ်ချုပ်ရေးပုံစံရဲ့ အဓိကဗဟိုချက် ဖြစ်ပါတယ်။ သူတို့ဟာ အလုံးစုံ ထိန်းချုပ်ကွပ်ကဲတဲ့ စနစ်တခုကို တည်ဆောက်ထားတာပါ” လို့ အာဖဂန်နစ္စတန် တရားမျှတမှု မော်ကွန်းတိုက် (Afghanistan Justice Archives) ကို တည်ထောင်သူ မီထရာ မီဟရန် (Metra Mehran) က လုံခြုံရေးကောင်စီဆီ ပြောကြားခဲ့ပါတယ်။
မစ္စမီဟရန်က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တာလီဘန်တို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေမယ့် နိုင်ငံရေး သို့မဟုတ် သံတမန်ရေးအရ ဆက်ဆံမှုမျိုးကို ရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့ပြီး တာလီဘန်တွေကို ဧည့်ခံတာ၊ အသိအမှတ်ပြုတာ ဒါမှမဟုတ် ဘယ်လိုသဘောတူညီချက်မျိုးမဆို ချုပ်ဆိုတာတွေကို မလုပ်ဖို့ သတိပေးခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရှေ့ဆက်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုပုံဖော်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားမှု မရှိခြင်းကြောင့် အာဖဂန်ပြည်သူတွေအကြား ကြီးမားတဲ့ စိုးရိမ်ပူပန်မှုနဲ့ မယုံကြည်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ၎င်းက ဖြည့်စွက်ပြောကြားပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အမီးရ် ဆာအိဒ် အီရာဗာနီ (Amir-Saeid Iravani) ကမူ အာဖဂန်နစ္စတန်ရဲ့ တည်ငြိမ်မှုကို မြှင့်တင်ဖို့နဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် တာလီဘန်တွေနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေဖို့ဟာ မဖြစ်မနေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ၎င်းက အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကန့်သတ်ထားမှုတွေကို ဝေဖန်ခဲ့ပြီး ဒီလိုအစီအမံတွေဟာ စစ်မှန်တဲ့ အစ္စလာမ်ဘာသာရဲ့ သွန်သင်ချက်တွေနဲ့ ကိုက်ညီမှုမရှိကြောင်းပြောကြားခဲ့ပါတယ်။
ကိုးကား – The National News
Emily












