ဇွန် ၂၄၊ ၂၀၂၆
Zalen
ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်ဝန်ထမ်း (ခင်ပွန်းဟောင်း) ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ထိုင်းအမျိုးသမီးကို မနေ့က ကမာရွတ်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အခု ကြားနာစစ်ဆေးတာကတော့ လူဝင်မှုကြီးကြပ်ရေး (လဝက) ဆိုင်ရာ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတာဖြစ်ပြီး ရုံးချိန်းကို စွပ်စွဲခံရသူ ထိုင်းအမျိုးသမီး ကိုယ်တိုင် တက်ရောက်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ပြစ်မှုတခုခုကျူးလွန်တယ်လို့ သံသယရှိတဲ့အခါ လဝက ဥပဒေနဲ့ အရင်ဆုံး ဆက်စပ်ကြားနာလေ့ရှိပါတယ်။ အဆိုပါ ထိုင်းအမျိုးသမီးဟာ ရာဇဝတ်မှုကျူးလွန်သူ မည်သည့်နိုင်ငံခြားသားမဆို အကျုံးဝင်သည့် မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုဖြင့် ပထမဆုံး ရုံးတင်စစ်ဆေးမှုခံရသူတဦးလည်းဖြစ်တယ်လို့သိရှိရပါတယ်။

မနေ့ကပြုလုပ်တဲ့ ကြားနာမှုမှာတော့ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အရာရှိတွေအပါအဝင် မျက်မြင် သက်သေ ၃ ဦး ထွက်ဆိုခဲ့တယ်လို့ အမှုအကြောင်းသိရှိတဲ့ အမည်မဖော်လိုသူ ရှေ့နေတဦးကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြထားပါတယ်။
တရားရုံးမှာ စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ် ၂ ဦးကို တွေ့ရပေမဲ့ အသေးစိတ်ကိုတော့ ရှေ့နေဖြစ်သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
သေဆုံးသွားတဲ့ အမေရိကန်သံရုံးဝန်ထမ်းဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် Sakura Residence and Hotel ထဲမှာ ဦးခေါင်းနဲ့ လည်ပင်းတွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။
အဲဒီဟိုတယ်ဟာ အမေရိကန်သံရုံးနဲ့ ၁ မိုင်ဝန်းကျင်ပဲ ဝေးပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က သံတမန်တဦး သေဆုံးခဲ့တာ မှန်ကန်ကြောင်း အတည်ပြုထားပေမဲ့ ကျန်ရစ်သူမိသားစုရဲ့ လုံခြုံရေးနဲ့ စာနာမှုအရ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့ ငြင်းဆန်ထားပါတယ်။
တဖက်မှာလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဖမ်းခံထားရတဲ့ သူတို့နိုင်ငံသူ ထိုင်းအမျိုးသမီးအတွက် ကောင်စစ်ဝန်ရုံးဆိုင်ရာ အကူအညီတွေ ပေးအပ်နေတယ်လို့ သိရပါတယ်။
Emily
ကိုးကား – AP















