ဟော်မုဇ်ရေလက်ကြားရှိ ကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုကို တုံ့ပြန်ပြီး အီရန်ကို အမေရိကန် ထပ်မံလေကြောင်းတိုက်ခိုက်

ဇွန် ၂၇၊ ၂၀၂၆
Zalen

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ကုန်တင်သင်္ဘောတစ်စင်း အီရန်ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ အမေရိကန်က စွပ်စွဲပြီးနောက်၊ အီရန်နိုင်ငံအတွင်းရှိ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေကို အမေရိကန်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဇွန် ၂၇ ရက်မှာ “မနေ့က တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေ၊ ကမ်းရိုးတန်းရေဒါစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ CENTCOM က ဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေဟာ အီရန်တောင်ပိုင်း ဆီရစ်ခ်ဆိပ်ကမ်းအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Zalen ad

အဲဒီနောက် အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အစိုးရသတင်းဌာန IRNA ကတစ်ဆင့် ကြေညာခဲ့ပါတယ်။

“အခုလို ရန်လိုတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာရင် ဒီထက်ပိုကြီးမားတဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်” လို့ IRGC က သတိပေးထားပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ ဇွန် ၁၇ ရက်က အပစ်ရပ်ရေးအပါအဝင် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အခုအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် သဘောတူညီချက် ဆက်လက်တည်မြဲနိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် သဘောတူညီချက် ချိုးဖောက်တယ်လို့ စွပ်စွဲနေကြပါတယ်။

ဒီ MoU မှာ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ အပြီးသတ်ရပ်ဆိုင်းဖို့ သဘောတူထားပြီး၊ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာရေး ပြန်လည်ပုံမှန်ဖြစ်စေဖို့လည်း ရည်ရွယ်ထားပါတယ်။

အီရန်ဟာ စစ်ပွဲစတင်ကတည်းက ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားခဲ့တာကြောင့် ကမ္ဘာ့စွမ်းအင်နဲ့ ကုန်စည်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

စင်ကာပူအလံတင် Ever Lovely ကုန်တင်သင်္ဘောဟာ အိုမန်ကမ်းရိုးတန်းအနီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် ပျံသန်းလာတဲ့ လက်နက်တစ်မျိုး ထိမှန်ခဲ့ပပြီးသင်္ဘောဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာမရခဲ့သလို သင်္ဘောလည်း ခရီးစဉ်ကို ဆက်လက်သွားလာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်ဟာ တစ်ကြောင်းသွား ဒရုန်းလေးစင်းနဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး၊ သုံးစင်းကို ပစ်ချနိုင်ခဲ့ပေမယ့် တစ်စင်းက Ever Lovely သင်္ဘောကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

ထရမ့်က ဒီဖြစ်ရပ်ကို MoU သဘောတူညီချက်ကို “မိုက်မဲစွာ ချိုးဖောက်တာ” လို့လည်း ပြောဆိုခဲ့ပါတယ်။

CENTCOM ကလည်း ကုန်သင်္ဘောကို တိုက်ခိုက်တာဟာ အပစ်ရပ်သဘောတူညီချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားသလို အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ကလည်း “အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်နည်းနဲ့ပဲ တုံ့ပြန်မယ်” လို့ သတိပေးထားပါတယ်။

ကိုးကား – ALjAZEERA
သတင်း – Mickey

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ မီတာခမဆောင်နိုင်တဲ့အိမ်တွေကို စစ်ကောင်စီ လျှပ်စစ်ဌာနက မီတာဘောက်တွေ လိုက်ဖြုတ်သိမ်းနေ

ဇွန် ၂၇၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မီတာခကြွေးကျန်ရှိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက မီတာဘောက်တွေ အတင်းအဓမ္မ ဖြုတ်သိမ်းတဲ့နည်းနဲ့ ဖိအားပေး ငွေကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလက်ရှိမှာ လျှပ်စစ်ဌာနက ကြွေးကျန်စုစုပေါင်းရဲ့ ထက်ဝက် ...

ဆက်ဖတ်ရန်