ချင်းပြည်နယ် ခရီးသွားဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ကာလတူထက် ဒီနှစ်လျော့နည်း

 

ချင်းပြည်နယ် ခရီးသွားဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ကာလတူထက် ဒီနှစ်လျော့နည်း

ချင်းပြည်နယ်မှာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုဟာ ယခင်နှစ် ကာလတူထက် ဒီနှစ်မှာ လူဦးရေ သုံးထောင်ကျော်လျော့နည်းလာတယ်လို့ ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနစာရင်းအရသိရပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ချင်းပြည်နယ်တွင် ပြည်တွင်းခရီးသွား လူဦးရေ (၉၀၄၅)ဦးရှိပြီး ပြည်ပခရီးသွားဧည့်သည်မှာ (၁၄၅၁)ဦး၊ စုစုပေါင်း (၁၀၅၀၅)ဦးရှိပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ချင်းပြည်နယ်တွင် ပြည်တွင်းခရီးသွားဧည့်သည် (၆၃၀၉)ဦး၊ ပြည်ပခရီးသွားဧည့်သည် (၁၁၄၈)ဦး၊ စုစုပေါင်း (၇၄၅၇)ဦးရှိပါတယ်။ ဒါကြောင့် အရင်နှစ်ကာလတူထက် ဒီနှစ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၃၀၄၈)ဦးလျော့နည်းနေပါတယ်။

Zalen ad
ချင်းခေါင်ရည် (Photo: The Backyard Travels & Tours)

အခုလို ချင်းပြည်နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုလျော့နည်းခြင်းနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက “ဒီနှစ်ဧည့်သည်အဝင်နည်းလာတဲ့အကြောင်းရင်းက ပလက်ဝနယ်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့တွက်ကြောင့်လို့ထင်ပါတယ်။ အထူးသဖြင့် အရင်နှစ်ထက် ဒီနှစ်မှာ ပြည်တွင်းဧည့်သည်အဝင်နည်းလာတယ်။ ပြည်ပ ဧည့်သည်ကတော့ အဲ့သလောက် မလျော့သွားဘူး။ ပြီးတော့ ကျနော်တို့စာရင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့က ဟိုတယ်တွေမှာတည်းတဲ့ဧည့်သည်စာရင်းတွေပဲပြထားတယ်။ တခြား တည်းခိုခန်းတို့၊ ဧည့်ရိပ်သာတို့မှာတည်းတဲ့ ဧည့်သည်စာရင်းတွေမပါဘူး” လို့ပြောပါတယ်။

လက်ရှိချိန်ထိ ချင်းပြည်နယ်မှာ ကန်ပက်လက်မြို့တွင် ဟိုတယ် (၅)လုံး၊ မင်းတပ်မြို့တွင် ဟိုတယ်(၂)လုံးသာရှိပြီး အချို့မြို့တွေမှာ တည်းခိုခန်းအဆင့်အထိသာရှိပြီး တည်ဆောက်ဆဲဟိုတယ်တွေရှိပါတယ်။

ချင်းပြည်နယ် ခရီးသွားလုပ်ငန်းမှာ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ဟာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ အဓိကဝင်ရောက်လာတဲ့နေရာဖြစ်ပါတယ်။ ယင်းကဲ့သို့ ချင်းပြည်နယ် မြောက်ပိုင်းတွင်လည်း ခရီးသွားလာရေးဖွံ့ဖြိုးလာအောင် နေရာသစ်တွေမိတ်ဆက်တဲ့ကာလဖြစ်နေပါတယ်။

ထန်တလန်မြို့နယ် Hriphi ရွာအနီးကရှုခင်းအလှ(Photo: The Backyard Travels & Tours)

ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်သို့ ခရီးသွားဧည့်သည်တွေဝန်ဆောင်မှုပေးနေတဲ့ The Backyard Travels & Tours မှတာဝန်ခံ ဆလိုင်းငွန်ဇာမှုန်က “ကျနော်တို့လည်း မနှစ်နဲ့ယှဉ်ရင် ဒီနှစ်မှာ ဧည့်သည်သိပ်မရဘူး။ ပြည်တွင်းရော၊ ပြည်ပဧည့်သည်ရော သိပ်မရဘူး။ ဒီဖက်မှာတော့ တီးတိန်မြို့နယ်က Siallum (ရှာလ်လုမ်း)ခံတပ်၊ ဖလမ်းမြို့နယ်က ဗိုလ်ကြွမ်ဘိတ်ရဲ့ တာရွှန်းရွာနေအိမ်၊ ဟားခါးမှာ စော်ဘွားတွေရဲ့ ရိုးရာနေအိမ်၊ ထန်တလန်မှာ ကျေးလက်ရွာတွေသွားလို့ရတယ်။ တချို့ဧည့်သည်တွေကပြောတယ်။ ဒါတွေရှိမှန်းမသိခဲ့ဘူးတဲ့။ ပြီးတော့ အမျိုးသားသယျာဉ်တွေများများဖော်ထုတ်ရမယ်။ ဒါက အဓိကပါ။ ပြီးတော့ မဏီပူရမြစ်ထဲမှာ လှေစီးတဲ့အစီအစဉ်တွေလုပ်လို့ရတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုတရားစွဲဆိုမှု စတင်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ Zalen မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇နှင့် ၇ ဒဿမ ၅ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းသော ...

ဆက်ဖတ်ရန်