စစ်ခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ကုလားတန်စီမံကိန်း အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ

ဇွန် ၂၊ ၂၀၂၆
Zalen

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ဟာ နယူးဒေလီမြို့တော်မှာရှိတဲ့ ဟိုက်ဒရာဘတ်အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား အဓိကကျတဲ့ ဒေသတွင်းစီမံကိန်းတွေနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေအတွက် သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ်မစ်ဆရီ (Vikram Misri) က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

Zalen ad

သူ့ရဲ့ပြောကြားချက်အရ အတော်ကြာ ရပ်တန့်နှောင့်နှေးနေတဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးရဲ့ ကလေးဝ-ယာကြီး လမ်းပိုင်းတွေကို အမြန်ဆုံး ပြီးစီးအောင်မြင်အောင် နှစ်ဖက်ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာလည်း မိမိတို့နိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေမယ့် လှုပ်ရှားမှုမျိုးတွေအတွက် တစ်ဖက်နဲ့တစ်ဖက်ရဲ့ နယ်နိမိတ်တွေကို လွဲမှားစွာ အသုံးချတာမျိုး မရှိစေဖို့ တားဆီးကာကွယ်ရေးက အလွန်အရေးကြီးကြောင်း နှစ်ဖက်စလုံးက အလေးအနက် ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ လှုပ်ရှားနေတဲ့ အိန္ဒိယသူပုန်အဖွဲ့တွေကို ပြတ်ပြတ်သားသား နှိမ်နင်းပေးသွားမှာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု မရှိစေဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ မြန်မာစစ်ခေါင်းဆောင်ဘက်က အာမခံချက် ပေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍမှာလည်း နှစ်နိုင်ငံအကြား ကာလအတန်ကြာကတည်းက အစဉ်တစိုက် ဆွေးနွေးလာခဲ့တဲ့ အရေးကြီးတွင်းထွက်သတ္တုတွေ (Critical Minerals) နဲ့ မြေရှားဒြပ်စင် (Rare Earths) ဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒီကဏ္ဍမှာ နှစ်နိုင်ငံအစိုးရတွေအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး အမြဲမပြတ် ဆက်သွယ်ချိတ်ဆက်သွားဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး တိုးမြှင့်လုပ်ဆောင်သွားဖို့ အပြန်အလှန် နားလည်မှု ရရှိခဲ့ကြပါတယ်။

အခြားတဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အရေးနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရကာ၊ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘာကြောင့် ထိတွေ့ဆက်ဆံရသလဲဆိုတဲ့ အကြောင်းရင်းကိုလည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယရဲ့ အခြေခံမူဝါဒဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အခြေအနေတွေအပေါ် မှတ်ချက်ပေးဖို့ ရည်ရွယ်ချက်မရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ်မစ်ဆရီက သတင်းထောက်တွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သတင်း- ဆလိုင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်