တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာကို ပျူစောထီးတွေ မီးရှို့လို့ နေအိမ် ၅ဝ ဝန်းကျင် ပျက်စီး၊ ဒေသခံ နှစ်ရာနီးပါး ဖမ်းဆီးခံရ

၄၊ ဒီဇင်ဘာ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေးကားလမ်းပေါ်ရှိ ထန်းတပင်ကျေးရွာမှာ ဒီဇင်ဘာ ၃ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ နေအိမ်တွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး ရွာထဲမှာ မတိမ်းရှောင်ပဲ ကျန်နေခဲ့တဲ့ ဒေသခံ နှစ်ရာနီးပါးလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မနေ့က တိုက်ပွဲမရှိပါဘူး။ ကျွန်တော်တို့ကတော့ ရွာက ရှောင်ခဲ့ကြပြီလေ။ ရွာကို မီးရှို့နေတာကို အဝေးက လှမ်းမြင်နေရတယ်။ ပြီးတော့ နေအိမ် ၄၀ ကျော်၊ ၅ဝ လောက် ပျက်စီးသွားနိုင်တယ်လို့ ခန့်မှန်းထားတယ်။ ရွာထဲကျန်ခဲ့တဲ့ သူတွေကိုလည်း အကုန်ဖမ်းသွားပြီးတော့ ပြန်တော့ လွတ်ပေးတယ်။ ” လို့ ထန်းတပင်ဒေသခံတစ်ဦးက ပြောပါတယ်။

ထန်းတပင်ကျေးရွာမှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားတဲ့ ဒေသခံတွေဟာ ရွာလူဦးရေရဲ့ လေးပုံး သုံပုံအထိ ရှိနေတာဖြစ်ပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ရွာထဲကျန်ရှိတဲ့ ဒေသခံ နှစ်ရာနီးပါးကို ဒီဇင်ဘာ ၃ရက်နေ့မှာ ကျေးရွာအနီးက လေးမိုင်စစ်စခန်းကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီကတစ်ဆင့် တမူးမြို့နယ်ကို ပို့ခဲ့တာဖြစ်ကာ ညနေပိုင်းမှာ ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၁ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပျူစောထီးအဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြားက တိုက်ပွဲတွေကြောင့် ထန်းတပင်ရွာမှာ နေထိုင်တဲ့ လူဦးရေရဲ့ လေးပုံ သုံးပုံဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သလို ပျူစောထီးအဖွဲ့ခေါင်းဆောင် ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးမြင့်အောင် အပါအဝင် ပျူစောထီးအဖွဲ့ဝင် လေးဦးကို ကာကွယ်ရေးအဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ဒါကြောင့် ဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ကို လက်တုံ့ပြန်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အဓိက ဟိုတစ်ခေါက်တိုက်ပွဲမှာ သူတို့ဘက် သေတာလည်း ရှိတယ်။ အဖမ်းခံရတာလည်း ရှိတယ်။ မနေ့က တိုက်ပွဲ မရှိပဲနဲ့ မီးရှို့တာ။ ကျန်တဲ့ ရွာသူရွာသားတွေ အကုန်ထွက်ခိုင်းပြီး ဖမ်းတာ။ ၅၀ လောက် ပျက်စီးသွားတယ်၊ အတိအကျတော့မသိဘူး။ ကျွန်တော်ကတော့ သူတို့ ပြန်လက်စားချေတဲ့အနေနဲ့ လုပ်တာလို့ ထင်တယ်။ ” လို့ ထန်းတပင်ဒေသခံတစ်ဦးက ပြောပါတယ်။

ထန်းတပင်ကျေးရွာဟာ တမူးမြို့နဲ့ လေးမိုင် ကွာဝေးပြီး အိမ်ခြေ သုံးရာကျော်နဲ့ လူဦး ၁၅၀၀ ကျော် နေထိုင်ကြပါတယ်။

သတင်း – HeiSok Khai

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်