နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က မံဆောင်းတံတားကိုမိုင်းခွဲဖျက်ဆီးလို့ တန်ဆာခနဲ့ ယာဉ်စီးခမြင့်တက်

၁၂၊ ဇွန်လ၊ ၂၀၂၄။

Zalen

တီးတိန်မြို့နယ်၊ မဏီပူရ်မြစ်ကူး မံဆောင်းတံတားကို စစ်ကောင်စီက ဇွန်လ ၈ ရက်တွင် မိုင်းခွဲဖျက်ဆီးလို့ နယ်စပ်သွားတဲ့ကားများ တန်ဆာခနဲ့ ခရီးသည်ယာဉ်စီးခများမြင့်တက်လာတယ်လို့ ယာဉ်မောင်းများထံမှသိရတယ်။

မံဆောင်းတံတားပေါ် ကားဖြတ်သန်းလို့မရတော့တာကြောင့် ရှောင်ကွင်းလမ်းကနေ သွားနေရလို့ ကားလမ်းမကောင်းမှု၊ လမ်းခရီးပိုရှည်ကြာမှုတို့ကြောင့် အခုလို တန်ဆာခတွေမြင့်တက်တာလို့သိရတယ်။

ရိခေါ်ဒါရ်မြို့ကုန်စုံဆိုင်ရှင်တစ်ဦးက “တံတားမပျက်ခင်က ကြက်စာတစ်အိတ်ကို တန်ဆာခ တစ်သောင်းပေးတယ်။ တံတားမိုင်းခွဲပြီးနောက်တစ်နေ့မှာ ကလေးဘက်ကိုမေးကြည့်တော့ တစ်အိတ်ကို တန်ဆာခ နှစ်သောင်းခွဲတောင်းလို့ မမှာရဲတော့ဘူး။ ကားလေးနဲ့ဆို ပစ္စည်းမပို့ခိုင်းတော့ဘူး။ တန်ဆာခပိုများလို့။ ပလစ်စတိတ် တစ်ပိဿာအိတ်တစ်ထုပ်ကို တန်ဆာခ ငါးထောင်တောင်းတယ်။ ပြီးတော့ ကားကြီးတွေက လမ်းမှာဂိတ်ကြေးပေးရတာများလို့လည်းပါတယ်” လို့ပြောပါတယ်။

မံဆောင်းတံတားမပျက်ခင် ခရီးသည်တစ်ဦးကို တစ်သိန်းယူပေမယ့် တံတားပျက်ပြီးနောက်မှာတော့ ခရီးသည်တစ်ဦးကို တစ်သိန်းခွဲကနေ နှစ်သိန်းထိပေးရတယ်လို့သိရတယ်။

ကလေး-တီအိုချောင်းယာဉ်မောင်းတစ်ဦးက “ကလေးကနေ တီအိုချောင်းတက်ရင် ခရီးသည်တစ်ယောက်ကို နှစ်သိန်းယူတယ်။ ချောင်းကနေ ကလေးဘက်ဆင်းရင် ရှစ်သောင်းယူတယ်။ မံဆောင်းတံတားပျက်စီးတာရေ၊ အောက်ပိုင်းကနေ ဒီဇယ်မဝင်တော့လို့ ဒီဇယ်စျေးလည်းတက်တယ်။ အရင်က နှစ်သိန်းဖိုးဒီဇယ်ထည့်ရင် အသွားအပြန်လောက်တယ်။ အခုတော့ ငါးသိန်းဖိုးထည့်မှရတယ်။ ပြီးတော့ တီးတိန်ကနေ ရှောင်ကွင်းလမ်းသွားရတော့ လမ်းတအားဆိုးတယ်။ မိုးရွာရင်တော့ ဖလမ်းဘက်ကနေပဲ ပတ်မှရမယ်”လို့ပြောပါတယ်။

စစ်ကောင်စီက ကလေးမြို့အထွက် ၈မိုင်ဂိတ်တွင် ကားတစ်စီးကို ခုနစ်သောင်း၊ ခိုင်ကမ်းဂိတ်တွင် ငါးသောင်း ကောက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့ဂိတ်များတွင် သုံးသောင်းကနေ ငါးသောင်း ထိဂိတ်ကြေးပေးရတယ်လို့သိရတယ်။

သတင်း-EP

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်