ဘူးသီးတောင်မှာ AA က ရိုဟင်ဂျာ ရာနဲ့ ချီ သတ်ဖြတ်ခဲ့ကြောင်း HRW ထုတ်ပြန်

မေ ၁၉၊ ၂၀၂၉

Zalen

Zalen ad

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟိုယာဆီရီကျေးရွာမှာ ၂၀၂၄ ခုနှစ်က အာရကန်တပ်တော် (AA) ဟာ လက်နက်မဲ့ ရိုဟင်ဂျာ အရပ်သား ရာနှင့်ချီကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က မေ ၁၈ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မျက်နှာပေါင်း ၅၆ မျက်နှာပါဝင်တဲ့ အဆိုပါအစီရင်ခံစာအရ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ AA ဟာ အနီးနားရှိ မြန်မာစစ်တပ်စခန်း နှစ်ခုကို ထိုးစစ်ဆင်စဉ်အတွင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းနေတဲ့ လက်နက်မဲ့ အရပ်သားတွေကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ် ၉၀ ခန့် အပါအဝင် အရပ်သား ၁၇၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရပြီး၊ အမှန်တကယ် သေဆုံးသူအရေအတွက်မှာ အခုထက် ပိုမိုမြင့်မားနိုင်ကြောင်း HRW က ဆိုပါတယ်။

မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းများအရ AA တိုက်ခိုက်ရေးသမားတွေဟာ အရပ်သားများကို ရမ်းသန်းပစ်ခတ်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းဥစ္စာတွေ လုယက်တာနဲ့ အမျိုးသမီးများကို ပြန်ပေးဆွဲတာတွေ ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာတွင် စွပ်စွဲထားပါတယ်။

AA ဘက်က ၎င်းတို့အနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းမရှိဘဲ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုသာ ပစ်မှတ်ထားခဲ့ခြင်းဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

လက်ရှိ အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူတွေဟာ AA က စီစဉ်ထားတဲ့ ယာယီစခန်းတွေမှာ လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။

ဒါ့ပြင် အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အစားအစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင်၊ ၎င်းတို့ကို  AA မှာ အပြစ်မရှိကြောင်း မီဒီယာများရှေ့မှာ မမှန်မကန် ထွက်ဆိုဖို့ အဓမ္မဖိအားပေးခံခဲ့ရတယ်လို့ ဒုက္ခသည်တွေရဲ့ ပြောကြားချက်ကို ကိုးကား၍ HRW က ဖော်ပြပါတယ်။

HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး မီနက်ရှီဂန်ဂူလီက မြန်မာစစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို လျစ်လျူရှုထားခဲ့ပြီး၊ AA အဖွဲ့ကလည်း ကျူးလွန်မှုများအတွက် ကုစားပေးခြင်း သို့မဟုတ် တာဝန်ရှိသူတွေကို အရေးယူတာ မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ AA နှစ်ဖက်စလုံးကို အရပ်သားများအပေါ် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့် ဖို့နဲ့ ကုလသမဂ္ဂ အပါအဝင် အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီး ဖိအားပေးသင့်တယ်လို့ HRW က တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်