အိန္ဒိယနိုင်ငံ မဏိပူရ်သို့ဝင်လာတဲ့ မြန်မာစစ်ဘေးရှောင်တွေကို နယ်စပ်ကနေ ပန်လည်နှင်ထုတ်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ်ဘက်မှ ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားတဲ့ပြည်သူတွေကို မဏိပူရ်လုံခြုံရေးတပ်ဖွဲ့က မနေ့က ပြန်လည်နှင်ထုတ်လိုက်တယ်လို့ Imphal Free Press တွင်ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဘက်က နယ်စပ်လုံခြုံရေးတာဝန်ယူထားတဲ့သူတွေကတော့ မိုးရေမြို့က ရဲတပ်ဖွဲ့များနဲ့ အာသံစစ်တပ်တွေပဲဖြစ်ပါတယ်။

ယင်းကြောင့် မဏိပူရ်ပြည်သူတွေက အိန္ဒိယအစိုးရကို ကမ္ဘာမှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံလို့မိမိကိုယ်ကိုယ်ဂုဏ်ယူနေတဲ့ချိန်မှာ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေ နှင်ထုတ်တာ BJP အစိုးရကတော့ ဟာသပဲ၊ သူတို့က ကျနော်တို့မြေကိုလာလုဖို့ဝင်လာတာမဟုတ်ဘူး။ သူတို့နိုင်ငံငြိမ်းချမ်းရင်ပြန်သွားမယ့်သူတွေပါ။ လူသားချင်းစာနာမှုကင်းမဲ့လိုက်တာဆိုပြီး သတင်းအောက်တွင် ဝေဖန်နေကြတာတွေ့ရပါတယ်။

မဏိပူရ်ပြည်နယ်အစိုးရက မတ်လ (၂၆)ရက်တွင် မြန်မာစစ်ဘေးရှောင်တွေကို လက်မခံဖို့ နဲ့ ၎င်းတို့အတွက် နေရာထိုင်ခင်းတွေမပေးဖို့ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းပါတိုက်တွန်းထားတဲ့စာ တစ်စောင်ထုတ်ပြန်ထားပါတယ်။

မဏိပူရ်ပြည်နယ်ဟာ ချင်းအနွယ်ဝင် ထာဒို-ကူကီး နဲ့ ဇိုမီးတွေအများစုနေထိုင်တဲ့ပြည်နယ်ဖြစ်ပြီး လူမှုရေးအရ အချင်းချင်းဆက်စပ်နေတဲ့ ဒေသဖြစ်ပါတယ်။

အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်တွေလက်မခံဖို့ ပြည်နယ်အစိုးရတွေထံဖိအားပေးထားပေမယ့် မီဇိုရမ်အစိုးရကတော့ ယင်းကိစ္စကိုငြင်းပယ်တဲ့အပြင် အိန္ဒိယအစိုးရထံ မြန်မာဒုက္ခသည်တွေ လက်ခံဖို့ကြိုးစားဆောင်ရွက်နေပါတယ်။

အိန္ဒိယဟာ မနေ့က ကျင်းပတဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ၎င်းရဲ့ စစ်သံမှူးတက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားသတင်းတွေမှာဖော်ပြထားပါတယ်။

အိန္ဒိယဟာ ပြည်မနဲ့ အရှေ့မြောက်ဒေသတွေဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ်၊ အာသံ၊ နာဂပြည်နယ်တွေနဲ့ ရေလမ်း၊ ကုန်းလမ်းကြောင်းသစ်နဲ့ဆက်စပ်မယ့် ကုလားတန်စီမံကိန်းနဲ့ မြန်မာစစ်တပ်ထံ လက်နက်တွေရောင်းချနေတာကြောင့် စစ်တပ်ကိုဖိအားမပေးဘဲ အလိုက်အထိုက်ဆက်ဆံနေတာဖြစ်မယ်လို့ ယူဆတဲ့သူတွေလည်းရှိပါတယ်။

နောက်ဆုံးရသတင်းများ

ဆက်လက်ဖတ်ရှုရန်