ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင်

” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်”

မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ စကားလုံးကသာမန်နေထိုင်ရာနေရာတစ်ခုလိုပဲ ရင်းနှီးကျွမ်းဝင်စရာ ဖြစ်လာခဲ့တယ်။ ကစားကွင်း‌ တွေမှာ ပြေးလွှားဆော့ကစားရမယ့်အစား လေယာဉ်သံကြားတိုင်း ကတုတ်ကျင်းထဲကို ခိုလှုံကာ လွတ်မြောက်ဖို့ ကြိုးစားနေရတဲ့ နေ့ရက်တွေက ကလေးဘဝရဲ့ သာယာကြည်နူးမှု‌ တွေကို လုံးဝဥဿုံ ပြောင်းလဲပစ်နေပြီ ဖြစ်ပါတယ်။

ယနေ့ခေတ် ကလေးငယ်တွေအတွက် လေယာဉ်သံနှင့် ပေါက်ကွဲသံ တွေဟာ သာမာန်အသံ တွေမဟုတ်တော့ဘဲ “အန္တရာယ်နီးကပ်လာပြီ” ဆိုတဲ့ သေမင်းတမန် သတိပေးသံတွေ ဖြစ်လာပါတယ်။ အဲဒီအသံ တွေကို ကြားရတဲ့ အခါ နှလုံးခုန်မြန်ခြင်း၊ လက်တုန်ခြေတုန်ဖြစ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု‌ တွေအပြင်၊ စိတ်ပိုင်းဆိုင်ရာ မှာလည်း အလွန် အမင်း ထိတ်လန့်ကြောက်ရွံ့မှု တွေမြင့်တက်လာတတ်ပါတယ်။

Zalen ad

ဒီအခြေအနေကို မင်းတပ်မြို့နယ်က ဒေသခံအမျိုးသမီး မိခင်တဦးက “ကလေးက အရင်က သိပ်စကားပြောတာ၊ အခုတော့ လေယာဉ်သံကြားရင် ဘာမှမပြောတော့ဘဲ ကျင်းထဲကို အလိုလိုပြေးဝင်ပြီး နားနှစ်ဖက်ကို ပိတ်ထား တော့တာပဲ” လို့ သူမ ရင်နင့်ဖွယ် အတွေ့အကြုံကို ပြောပြပါတယ်။

အကြမ်းဖက်မှု တွေကို ထိပ်တိုက်ကြုံတွေ့နေရတဲ့ ကလေးတွေမှာ မမြင်နိုင်တဲ့ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
အိပ်မပျော်ခြင်းနှင့် အိပ်မက်ဆိုးများ မကြာခဏ မက်တာ၊အသံအနည်းငယ်ကြားရုံဖြင့် တုန်လှုပ်ခြောက်ခြား လာတာ ၊လူမှုပတ်ဝန်း ကျင်နှင့် ကင်းကွာလိုခြင်းနှင့် စကားမပြောဘဲ နှုတ်ဆိတ်နေလာတတ်တာ စတဲ့ လက္ခဏာတွေ တွေ့လာရတတ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု တွေကြောင့် ကျောင်းများ ပိတ်ထားရခြင်းနှင့် မလုံခြုံမှု‌ တွေက ကလေးငယ်တွေ အတွက် စာသင်ကြားရာနေရာ မတည်ငြိမ်တာ၊ အာရုံမစိုက်နိုင်တာ တွေကြောင့် ပညာသင်ယူမှု အရည်အသွေး ကျဆင်းလာရုံသာမက၊ ကလေးငယ်တွေရဲ့ အနာဂတ် ဘဝအခွင့်အလမ်း တွေလည်း အကန့်အသတ်များစွာ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်တုန်းက မင်းတပ်မြို့နယ် ၊ တိုက်နယ်အမှတ် ၁ ဘက်မှာ စာသင်ကျောင်း အနီးအနားကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Grade 5 ကျောင်း သားတယောက်က” ကျောင်းမတက်တော့ဘူး။ အိမ်မှာလည်းမနေချင်တော့ဘူး။ အိမ်မှာနေရင် ညလည်းအိပ်မရဘူး။ တချိန်လုံး ကြောက်နေရတယ်။ တောမှာပဲနေချင်တယ်” လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို မျှဝေပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတွေပိတ်ထားရတယ်။ ကျင်းထဲမှာ အချိန်ကြာမြင့်စွာ ပုန်းအောင်း နေရတာလည်း ကလေးငယ်များရဲ့ သင်ယူခွင့်နှင့် ဖွံ့ဖြိုးမှုကို လုယူနေပါတယ်။ ကတုတ်ကျင်းအတွင်း သန့်ရှင်းမှု အားနည်းခြင်းနှင့် အာဟာရ မပြည့်စုံခြင်းတွေကြောင့်လည်း ကိုယ်ကာယ ကျန်းမာရေး ထိခိုက်ရုံသာမက၊ ကလေးအချင်းချင်း ထိတွေ့ဆက်ဆံမှု လျော့နည်းလာကာ လူမှုဆက်ဆံရေး စွမ်းရည်တွေ (Social Skills) ဖွံ့ဖြိုးမှုလည်း နောက်ကျသွားရပါတယ်။

အကြမ်းဖက်မှုတွေကို ထိပ်တိုက်ကြုံတွေ့နေရတဲ့ ကလေးတွေမှာ ကြီးမားတဲ့ စိတ်ဒဏ်ရာ (Trauma) တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ကလေးငယ်တွေက လူကြီးတွေလိုသူတို့ရဲ့ ကြောက်ရွံ့မှုကို စကားလုံးနဲ့ ဖော်ပြဖို့ ခက်ခဲတတ်ပေမယ့် အပြုအမူနှင့် ဖန်တီးမှု တွေမှာအဲဒီဒဏ်ရာတွေက အရိပ်ထင်ကျန်ရစ်တတ်ပါတယ်။

ပန်းချီဆွဲတဲ့အခါ ပန်းတွေနှင့် သစ်ပင်‌တွေအစား ဗုံးသီးတွေ၊ မီးလောင်နေသော အိမ်ပုံ‌တွေ၊ သေနတ်ပုံတွေနှင့် လေယာဉ်ပျံတွေကိုသာ ရေးဆွဲလာခြင်းက ကလေးငယ်များရဲ့စိတ်ထဲမှာ စစ်ပွဲက ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲဆိုတာကို ပြသနေတဲ့ “အသံတိတ်အော်ဟစ်မှု” ပဲဖြစ်ပါတယ်။

ဒီလို ခက်ခဲတဲ့ အခြေအနေမှာ မိဘ‌တွေနှင့် ပြုစုစောင့်ရှောက်သူတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ ကလေးငယ်ကို လုံခြုံတယ်လို့ ခံစားရအောင် မကြာခဏ ပွေ့ဖက်ပေးခြင်း၊ ကလေးတွေရဲ့ ကြောက်ရွံ့မှုကို နားထောင်ပေးပြီး “ကြောက်တာဟာ သဘာဝပဲ” လို့ အသိအမှတ်ပြုပေးခြင်း‌ တွေဟာ စိတ်သက်သာရာရစေပါတယ်။

ကတုတ်ကျင်းထဲမှာ ပုန်းအောင်းနေရစဉ်အတွင်း ကလေးရဲ့ အာရုံကို လွှဲနိုင်ဖို့ ပုံပြင်ပြောပြခြင်း၊ သီချင်းဆိုပြခြင်း ဒါမှမဟုတ် ဂိမ်းအသေးစားလေးများ ကစားပေးခြင်းဖြင့် အကြောက်တရားကို အတိုင်းအတာတခုအထိ လျှော့ချပေးနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းကစလို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို ချင်းပြည်နယ် ၉ မြို့နယ် ၊စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အပါအ၀င် ၁၀ မြို့နယ်မှာ Chin Human Right Organization (CHRO) ရဲ့ ဦးဆောင်မှုနဲ့ (Mental Health and Psychosocial Support (MHPSS) စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု အစီအစဉ်တွေ ကို လူကြီး၊ကလေးတွေ ၀န်ဆောင်မှု ပေးနေတယ်လို့ သိရပါတယ်။

“ဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ပြန်ဆောက်လို့ ရပေမယ့်၊ စိတ်ဒဏ်ရာပျက်စီးသွားတဲ့ လူတယောက် (ဒါမှမဟုတ်) ကလေးတယောက်ကို ပြန်လည်ပြုပြင်ဖို့က ပိုခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာ ဘေးကင်းဖို့ ကတုတ်ကျင်းတူးသလိုပဲ၊ စိတ်ဓာတ်တွေ မပြိုလဲဖို့ MHPSS ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစစ်” ကိုလည်း တည် ဆောက်ဖို့ လိုအပ်တယ်လို့ စေတနာ့၀န်ထမ်း တဦးက ပြောပြပါတယ်။

MHPSS ဆိုတာ လူတယောက်ရဲ့ စိတ်ကျန်းမာရေး ချို့ယွင်းမှုကို ကုသပေးရုံတင်မဟုတ်ဘဲ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို လူမှုရေးအရရော၊ စိတ်ပညာအရပါ ဝိုင်းဝန်း ကုစားပေးတာ ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။

စစ်ဘေးသင့်ဒေသက ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး (Psychosocial Support) ဟာအစားအသောက်နှင့် အမိုးအကာ ထောက်ပံ့‌ ပေးသလိုပဲ အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ဒါဟာ မိသားစု တခုတည်းရဲ့ ကိစ္စမဟုတ်ဘဲ တနိုင်ငံလုံး၊ တကမ္ဘာလုံးက ကလေးသူငယ်အခွင့်အရေး ရှုထောင့်ကနေ ဝိုင်းဝန်း ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။

အခု ကတုတ်ကျင်းထဲက ကလေးငယ် တွေကနောင်တချိန်မှာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြမယ့်သူ‌ တွေပဲဖြစ်ပါတယ်။

ကတုတ်ကျင်းထဲမှာ ရှင်သန်နေရတဲ့ ကလေးတွေရဲ့ ဘဝက ရုပ်ပိုင်းဆိုင်ရာ ရှင်သန်မှုအတွက်သာမက စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတခုလည်း ဖြစ်သလို လေကြောင်းတိုက်ခိုက်မှုရဲ့ စိတ်ဒဏ်ရာတွဟာ ခဏတာမဟုတ်ဘဲ အနာဂတ်အထိ ဆက်လက်သက်ရောက်နိုင်ပါတယ်။

ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ နွေးထွေးတဲ့မေတ္တာ၊ စနစ်တကျ ကုစားမှုများနှင့် လုံခြုံတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှုတို့နဲ့အတူ အဲဒီစိတ်ဒဏ်ရာတွေကို ကျော်လွှားကာ ကလေးငယ် တွေရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းများ ပြန်လည်ပွင့်လန်းလာစေရန် မျှော်လင့်ရပါတော့တယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်