
မေ ၁၂၊ ၂၀၂၆
Zalen
ကလေး-ဖလမ်း လမ်းပိုင်းက စစ်ကောင်စီဂိတ်များငွေကြေးအဆမတန်ကောက်ခံမှုကြောင့် နေရပ်ပြန်ဖို့ခက်ခဲရှိသတင်းများ ထွက်ပေါ်လာပြီးနောက် မနေ့က မေလ ၁၁ရက်နေ့တွင် ဟားခါးမြို့ရှိ ချင်းပြည်နယ် အစိုးရဖွဲ့ရုံးစည်းဝေးခန်းမမှာ ဖလမ်းမြို့ပြန်လည် ထူထောင်ရေးကော်မတီမှ လူကြီးအချို့နဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ်တို့တက်ရောက်ကာ အစည်းအဝေးတရပ်ကျင်းပခဲ့ကြောင်း စစ်ကောင်စီမီဒီယာသတင်းများအရသိရှိရပါတယ်။
အဆိုပါစည်းဝေးတွင် ဖလမ်းမြို့ခံ ၅,၀၀၀နီးပါး အခက်အခဲမရှိနေရပ်ပြန်လာနိုင်ရန်နဲ့ အစိုးရရုံးများနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ပြီးခဲတဲ့ မေလ ၆ရက်နေ့မှာ ပထမအသုတ်အနေဖြင့် ကလေးမြို့မှ စစ်ရှောင်ဝန်ထမ်းအင်အား၁၀၀ကျော် နဲ့ သင်းအုပ်ဆရာအချို့တို့ ကနဦးအနေဖြင့် ဖလမ်းမြို့သို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒုတိယအသုတ်အနေဖြင့်လည်း လာမည့် မေလ ၁၅ရက်နေ့ လောက်မှာ ကျန်းမားရေး၊ ပညာရေးဌာန ဝန်ထမ်းတွေနဲ့အခြားဌာနဆိုင်ရာတွေအပြင် နေရပ်
ပြန်မည့် ဒေသခံများ ပါဝင်မယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ အစိုးရယန္တရားလည်ပတ်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်ဖို့ အလျင်အမြန်ပဲ လုပ်ဆောင်နေပါတယ်။
ဒေသခံပြည်သူအနေနဲ့ကလည်း နေရပ်ပြန်ချင်သူရှိသလို ပြန်ဖို့ဒွိဟဖြစ်နေသူနဲ့ လုံးဝ မပြန်ဖြစ်တော့မယ့် အခြေနေတွေလည်းရှိနေပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်လို့ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးတဦးက “ ကိုယ့်မြို့ပဲ အရမ်းပြန်ချင်တာပေါ့ ဒါပင်မဲ့ ခုခေတ်ကုန်ဈေးနှုန်း (အရင်ငြိမ်းချမ်းတဲ့ကာလမှာတောင် မိမိတို့မြို့က သူများဆီကော်ဖီ ၁ထုပ်၂၀၀ဆို ၄၀၀ထိပေးဝယ်ရတာ)နဲ့ ပြန်ရင်ကော မြို့က ချက်ချင်းအရင်လိုပြန်ဖြစ်ဖို့မလွယ်ဘူးလေ ဗုံးကြဲခံရလို့ ပျက်စီးထားတဲ့ အိမ်တွေပြုပြင်ကြမယ်နော် တမြို့လုံး ကုန်စရာအပေါက်တွေကြီးပဲ ၊ ခုကလေးတွေကလည်း ကျောင်းဖွင့်ချိန်ရောက်တော့မယ် ငါတို့က ငွေကုန်ပေါက်ကအရမ်းများနေပြီ ပြန်ဖို့ပါဆိုရင် ခုသယ်ယူပို့ဆောင်ခ စရိတ်စကကြီးမားလွန်းတာ လက်ရှိ စစ်ရှောင်ဘဝရောက်ရှိချိန်မှာ ရောက်တဲ့နေရာမှာ စီးပွါးရေးမလုပ်ကိုင်ဘူးကွာ ပါတာထိုင်စားရှိတာရောင်းချစားရတာ လက်ထဲဘာမှမကျန်သလောက်ဆိုတော့ ပြန်ဖို့လမ်းစရိတ်မတတ်နိုင်ဘူးလေလို့ “သူမက ဆိုပါတယ်။
လက်ရှိကုန်ဈေးနှုန်းနဲ့ (မိမိတို့မြို့ရဲ့ကုန်းဈေးနှုန်းဟာ အရင်ထက်များဖို့ရှိနိုင်တာ) စရိတ်စကတွေကြောင့် နေရပ်ပြန်ဖို့ စဉ်းစားချင့်ချိန်နေရသူများလည်းရှိနေတယ်လို့ သိရှိရပါတယ်။
မနေ့ကစည်းဝေးတွင်လည်း ချင်းပြည်အစိုးရကပြန်လည်ထူထောင်ရေးတွက် ငွေကျပ်သိန်း ၃၀၀၊ လုံခြုံရေးရဲဝန်ထမ်းတွေတွက် ကျပ်သိန်း ၁၀၀တာ လက်ရှိထောက်ပံ့တဲ့အနေအထားမျိုးတွေ့ရပါတယ်။
ကလေး- တီးတိန်-ဖလမ်း လမ်းပိုင်းတွေက စစ်ကောင်စီ ဂိတ်တွေအနေဖြင့်လည်း လက်ရှိချိန်မှာ ဂိတ်ဖြတ်ခတွေ အဆမတန်တောင်းလွန်းတာကြောင့် အထက်က အမိန့်ကို မလွန်ဆန်နိုင်လို့ ပြန်လာမည့် ဝန်ထမ်းနဲ့ နေရပ်ပြန်မှဖြစ်မည့် ဒေသခံအချို့ကလွဲလို့ ပြည်တော်ပြန်အရေး ခက်ခဲနေဆဲလို့ သိရှိရပါတယ်။
မိုင်
ဓာတ်ပုံ-လူမှုကွန်ယက်







