မေ ၅၊ ၂၀၂၆
Zalen
လတ်တလောတွင် Smart Card နှင့် UID ကတ်များရှိသူများသာ ပတ်စပို့ သက်တမ်းတိုးနိုင်ကြောင်း မြန်မာစစ် အစိုးရဘက်မှ ထုတ်ပြန်ထားခြင်းကြောင့် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ပတ်စပို့ သက်တမ်းတိုးရန် လာရောက်သူများ အများအပြား တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ သိရှိရပါတယ်။

ပတ်စပို့ သက်တမ်းတိုးလိုသူများတွင် သက်တမ်း မကုန်သေးသူများနှင့် သက်တမ်းကုန်ဆုံးပြီးသူများပါဝင်ပြီး ယခုကာလအတွင်း မတိုးပါက နောက်ပိုင်းတွင် ပိုမိုခက်ခဲနိုင်ကြောင်း စိုးရိမ်မှုများကြောင့် လာရောက်လုပ်ဆောင် နေကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒါနဲ့ပတ်သက်လို့ စင်္ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူတဦးမှ “ခုကတော့ ဘာကတ်မှမလိုသေးဘူး(မြန်မာပြန်မဲ့သူတွေတော့ကတ်လိုမယ်) ဒီတိုင်း what app ကနေ ကြိုတင်စာရင်းတင်ပြီး ကျူအာလ်ကုတ်လိုမျိုး အရင်ယူရပါတယ် အဲ့ကုတ်လေးကျတာနဲ့ သံရုံးသွားတာ ပိုအဆင်ပြေတယ် အဲ့ကုတ်ကျဖို့ကလည်း ကျနော်ဆို what app ကနေ ကြိုတင်စားရင်းတင်ထားတာ ၁လ လောက် ကြာပြီ ခုထိမကျလာသေးဘူး အဲ့ဒါကျရင် နေ့ချင်းသက်တမ်းတိုးလို့ရတယ်၊ ဖြစ်နိုင်ရင်တော့ သက်တမ်းတိုးတာက မြန်လေကောင်းလေပါပဲ အမျိုးမျိုးပြောင်းလဲနိုင်လွန်းတော့လေလို့” ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် မေ ၁ ရက်နေ့မှစတင်ကာ အလုပ်ရှင်သဌေးရဲ့ ခွင့်ပြုစာနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို သယ်ဆောင်ပြီး သံရုံးတွင် တင်ပြရမည်ဟု ထုတ်ပြန်ထားခြင်း ကြောင့် လုပ်ငန်းစဉ်များတွင် အခက်အခဲများ ရှိနေကြောင်း သိရပါတယ်။
အိမ်အကူလုပ်နေသူတဦးကလည်း “ ကျမတို့က အရင်လာတုန်းကရိုးရှင်းပါတယ် ခုက မြန်မာအစိုးရဘက်က အလုပ်ရှင်သူဌေးခွင့်ပြုစာလိုမျိုး၊ Smart Card နှင့် UID ကတ်များရှိမှ ဆိုတာမျိုးထုတ်လိုက်တော့ အိမ်ရှင်သူဌေး သဘောကောင်းရင် အကြောင်းမဟုတ်ပင်မဲ့ သဘောဆိုးတဲ့သူမျိုးဆိုအတော် ပြသာနာများပါတယ်။ ကျမသူဌေး ကတော့ အဲ့လိုသတင်းထွက်ကထဲ့က အဲ့သက်ဆိုင်တဲ့ကတ်တွေအကုန်လိုက်လုပ်ပေးတယ် သူတို့ပဲစီမံပေးတာမို့ မြန်မာဘက်ပြန်ဖို့လည်း စိတ်မပူရဘူးလို့” သူမက ဆိုပါတယ်။
စင်္ကာပူရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသူများနှင့် အိမ်အကူအဖြစ် အလုပ်လုပ်သူများအနေဖြင့်လည်း သံရုံးသို့ စာရွက်စာတမ်းများ သွားရောက်တင်ပြရာတွင် အခက်အခဲများနှင့် အကူအညီလိုအပ်မှုများ ရှိနေ ကြောင်း သိရှိရပါတယ်။
နွေဦး
ဓာတ်ပုံ- လူမှုကွန်ယက်
#စင်္ကာပူ #ပတ်စပို့သက်တမ်းတိုး #SmartCard #UID #သူဌေးခွင့်စာ #Zalen















