
မေ ၂၊ ၂၀၂၆
Zalen
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။
အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိပြစ်ဒဏ်ကျခံနေရတဲ့နေရာမှ ပြောင်းလဲပြီး သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ထိန်းသိမ်းထားဖို့ စစ်ကောင်စီက စီစဉ်ခဲ့တာပါ။

အဲဒီလို နေရာပြောင်းရွှေ့မှုနဲ့ ပတ်သက်၍ နိုင်ငံတကာ အသိုက်အဝန်းက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဖမ်းဆီးထားသူအားလုံး လွတ်မြောက်ရေးကို ဆက်လက်တိုက်တွန်းနေကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ကို “ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့” အလေးအနက် တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် သူမရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်သလို လုံလောက်တဲ့ ဆေးကုသမှုတွေ အပြည့်အဝရရှိစေဖို့အတွက် စစ်ကောင်စီမှာ တာဝန်ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကို ပြောင်းရွှေ့လိုက်တဲ့ အခြေအနေကို မှတ်သားထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို “မြန်မြန်ဆန်ဆန်နဲ့ ခြွင်းချက်မရှိ” လွှတ်ပေးဖို့ ၎င်းက ထပ်မံတောင်းဆိုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အပေါ်မှာသာ အခြေခံရမှာလို့ ၎င်းက အကြံပြုထားပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက “ကောင်းမွန်သော အဆင့်များ” အဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အမြန်ဆုံးချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံး ထပ်မံလွတ်မြောက်လာစေဖို့အတွက် မျှော်လင့်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား-နိုင်ငံတကာသတင်းများ
သတင်း-ဆလိုင်း










