မေ ၄၊ ၂၀၂၆
Zalen
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို ဗီဒီယိုအထောက်အထားဖြင့် ပြသဖို့ အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC) မနေ့ မေ ၃ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့အတွက် နောက်ဆုံးရက်စွဲပါရှိတဲ့ လှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းကို လူထုရှေ့မှောက်မှာ ထုတ်ပြန်ဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနှင့် လူမှုစီးပွား အကျပ်တည်းတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်သူများစွာ ထိခိုက်နစ်နာနေရတယ်လို့ ဆိုပါတယ်။
ထိုသို့သော အခက်အခဲတွေကို ကျော်လွှား၍ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍမှာ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။
ACNFC အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ၊ တရားရုံးတက်ရောက်ရမှု အခြေအနေနဲ့ ပြင်ပသို့ လွတ်လပ်စွာ ဆက်သွယ်ခွင့် ရှိ၊ မရှိတို့ကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသဖို့ တောင်းဆိုထားပါတယ်။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း ပါရှိပါတယ်။
နိုင်ငံရေးအတွေ့အကြုံနဲ့ လူထုထောက်ခံမှု အခိုင်အမာရှိတဲ့ ခေါင်းဆောင်တစ်ဦးကို ဖယ်ထုတ်ထားတာဟာ နိုင်ငံရဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေမှာလို့ သတိပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သက်ရှိထင်ရှားရှိကြောင်းကို အတည်ပြုပေးဖို့မှာ လက်ရှိအခြေအနေမှာ အလွန်အရေးကြီးကြောင်း အလေးအနက်ထား ဖော်ပြထားပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-ပုံဟောင်း
#ဒေါ်အောင်ဆန်းစုကြည်#ဗီဒီယိုအထောက်အထား#ACNFC #တောင်းဆို#Zalen











