ဧပြီ ၂၁၊ ၂၀၂၆
Zalen

မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ တာနာမေရမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးတဲ့ ချင်းအမျိုးသား ယာဉ်မောင်းတဦးကို ဖမ်းဆီးရမိတယ်လို့ PGA တပ်ရင်း (၉) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့အတူ Perodua Bezza အမျိုးအစား ကားတစီး၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ စုစုပေါင်း တန်ဖိုး ရင်းဂစ် ၄၈,၅၀၀ ခန့်ရှိ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်းဖြစ်သူဟာ ကွာလာလမ်ပူမြို့ရှိ အခြားမြန်မာအမျိုးသားတဦးထံမှ WhatsApp မှတဆင့် ညွှန်ကြားချက်တွေ ရယူကာ လူမှောင်ခိုအေးဂျင့်အဖြစ် ဆောင်ရွက်နေသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
၎င်းဟာ ခရီးစဉ်အကွာအဝေးပေါ် မူတည်၍ တဦးလျှင် ရင်းဂစ် ၃၀၀ ရရှိပြီး တလလျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ အခုလို ပို့ဆောင်မှုတွေ ပြုလုပ်ခဲ့တာလို့ ဝန်ခံထားပါတယ်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ကိုတာဘာရူး (Kota Bharu) မှတဆင့် ကွာလာလမ်ပူရှိ ပူဒူး (Pudu) နဲ့ ကွာမူဆန်း (Gua Musang) ဒေသတွေကို ပို့ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
၎င်းတို့ အသုံးပြုတဲ့ ကားမှာလည်း ကွာလာလမ်ပူရှိ အခြားသူတစ်ဦးရဲ့ အမည်ဖြင့် မှတ်ပုံတင်ထားတာကို စစ်ဆေးတွေ့ရှိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူအားလုံးကို တာနာမေရရဲစခန်း (IPD Tanah Merah) သို့ လွှဲပြောင်းအပ်နှံထားပြီး ၂၀၀၇ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၆ (က)၊ ၁၉၅၉/၆၃ ခုနှစ် လဝက အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ လူမှောင်ခိုလုပ်ငန်းတွေကို တားဆီးနိုင်ရန်အတွက် နယ်စပ်ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ PGA တပ်ရင်း (၉) က ထုတ်ပြန်ထားပါတယ်။
သတင်း-ဆလိုင်း
#မလေးရ#ယာဥ်မောင်းချင်းအမျိုးသား#မြန်မာ#ဖမ်းဆီး#Zalen
















