မေ ၁၄၊ ၂၀၂၆
Zalen

ကလေးငယ် ၂၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က အိုးထိန်းတွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု တနှစ်ပြည့်ပြီဖြစ်ပေမယ့် မြန်မာကလေးငယ်တွေဟာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) က မေ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မေလ ၁ ရက်နေ့တုန်းက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpichip ရွာထဲရှိ ကလေးကစားကွင်းတခုကို စစ်တပ်က လေကြောင်းတိုက်ခဲ့လို အသက် ၅ လကနေ ၁၀ နှစ်ကြားအရွယ် ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို IIMM က ထုတ်ပြန်ချက်မှာ ထောက်ပြထားပြီး စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်စဥ်တွေကို အထူး စုံစမ်းစစ်ဆေး သွားမယ်လို့ ဆိုထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ စစ်ကိုင်းတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ကျေးရွာ တွေမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ IIMM က ဖော်ပြထားပါတယ်။
“ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက်တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါ။ ” လို့ IIMM အဖွဲ့ကို ဦးဆောင်သူ နီကိုလပ်စ်ကွမ်ဂျီအန်က ပြောပါတယ်။
ကလေးငယ်တွေကို ပစ်မှတ်ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်စဥ်တွေဟာ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ လူနေအိမ်တွေ တိုက်ခိုက်ခံရတာ၊ ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရတဲ့ ၁ နှစ်တာအတွင်း ဖြစ်စဉ်တွေကိုလည်း ဆက်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့ IIMM က ပြောပါတယ်။
မြန်မာလေတပ်ရဲ့ဖွဲ့စည်းပုံ၊ အမိန့်စီးဆင်းမှု အဆင့်ဆင့်နဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို IIMM အနေနဲ့ အချက်အလက် စုဆောင်း စိစစ်နေပြီး တာဝန်ရှိတဲ့သူတွေ တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖောဝါရီလကစပြီး ၂၀၂၅ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၄၀ ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေ သေဆုံးဒဏ်ရာရတဲ့အချက်အလက်တွေကို စုဆောင်းရရှိထားတယ်လို့ IIMM က ဖော်ပြထားပါတယ်။
Helen
ဓာတ်ပုံ- ဖလမ်းမြို့နယ်၊ Khawpichip ရွာထဲရှိ ကလေးကစားကွင်းတခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လို့သေဆုံးခဲ့ရသော မိသားစုများနဲ့ ကလေးငယ်များရဲ့ စျာပနအခမ်းအနား။










