ဧပြီ ၂၇၊ ၂၀၂၆
Zalen
မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်သူ အကယ်ဒမီ သက်မွန်မြင့် ပါဝင်သရုပ်ဆောင်ထားတဲ့ အလျှံပယ် ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသရာမှာ စစ်ကောင်စီထောက်ခံသူတွေက ဝိုင်းဝန်းသပိတ်မှောက်ကြဖို့ လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ လှုံ့ဆော်မှုတွေ ပြုလုပ်နေကြပါတယ်။
အဲဒီ အလျှံပယ် ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ စတီးလ် ရိုက်ကူးထားတာဖြစ်ပြီး သက်မွန်မြင့်အပါအဝင် ထွန်းထွန်း၊ အလင်းရောင်၊ ထွန်းကိုကို၊ ခိုင်သင်းကြည်၊ အေးမြတ်သူနဲ့ မေမြင့်မိုရ် စတဲ့ အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားကြီး ဖြစ်ပါတယ်။

ဇာတ်ကားကို စစ်တပ်က အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်ကတည်းက ကြိုတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပေမဲ့လည်း မနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။
အခုလို သပိတ်မှောက်ဖို့ လှုံ့ဆော်တာဟာ သရုပ်ဆောင် သက်မွန်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိတဲ့အပြင် ရုပ်ရှင်ရိုက်ကူးမှုများကိုလည်း ရပ်နားထားတာကြောင့် ဖြစ်တယ်လို့ သူ့ရဲ့ ပရိသတ်တွေက သုံးသပ်ကြပါတယ်။
ဒါ့အပြင် အကယ်ဒမီ သက်မွန်မြင့်ဟာ အာဏာသိမ်းစကာလက ပြည်သူများနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလှုပ်ရှားမှုတွေနဲ့ လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ခြင်းမရှိဘဲ ခေတ္တအနားယူနေပေမဲ့လည်း စစ်ကောင်စီဘက်တော်သားတွေက ၎င်းကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုတွေ ပြုလုပ်လာခြင်းဖြစ်ပါတယ်။
အထူးသဖြင့် စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခြင်း မရှိသူတွေကို အပြစ်ရှာတဲ့အနေဖြင့် အခုလို ၎င်းပါဝင်တဲ့ ဇာတ်ကား ပြသမှုကို သပိတ်မှောက်ဖို့ လှုံ့ဆော်လာကြခြင်း ဖြစ်ပါတယ်။
သတင်း-ဆလိုင်း



















