အပိုင်း (၃) နိုင်ငံရေးဦးဆောင်မှုနှင့် စစ်ရေးကဏ္ဍရှုပ်ထွေးမှုများကြားက မနိုင်ဝန်ထမ်းနေကြသည့် ချင်းဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ မည်သို့စုစည်းရမည်နည်း

ရေးသူ- ဆလိုင်းဆူး

ချင်းပြည်အစိုးရ (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှုစနစ်တကျ ဖော်ဆောင်ရေးသည် ICNCC နှင့် CJDC တို့ထံမှ ပေါ်ပေါက်လာရေး မျှော်လင့်ချက်မဲ့နေချိန်မှာ ချင်းအမျိုးသားတပ်ဦး၏ ကြိုးစားအားထုတ်မှုကြောင့် တချို့ ပြည်သူများအတွက် တော်လှန်ရေးကာလ ချင်းပြည်အစိုးရပေါ်ပေါက်လာရေး မျှော်လင့်ချက် ပြန်လည် ရှင်သန်လာသည်။ အကယ်၍ ဒီတော်လှန်ရေးကာလအတွင်း အလွန်အရေးပါသည့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍကို ချင်းအမျိုးသားတပ်ဦး ဦးဆောင်မှုဖြင့် စနစ်တကျအကောင်အထည် ဖော်ဆောင်နိုင်ပါက တော်လှန်ရေးရလဒ် နိုင်ငံရေးအခင်းအကျင်းပါ အများကြီး ပြောင်းလဲလာမည် ဖြစ်သည်။ သို့သော် တချို့သော နိုင်ငံရေးအင်အားစုများသည် ချင်းပြည်အစိုးရ (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှု ဖော်ဆောင်ခြင်းသည် ရာထူးရာခံ အဆင့်သာတွေးကြပြီး လက်တွေ့တွင် တော်လှန်ရေးကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေး (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှု ဖော်ဆောင်ရေးသည် ဤရာထူးရာခံ ကိစ္စထက် များစွာ ပိုသည်။

အကြောင်းရင်းမှာ လက်ရှိအခြေအနေအရ မည်သို့ပြင် နယ်မြေထိန်းချုပ်မှု ရှိသည်ဟု မိမိတို့သတင်းထုတ်ပြန် ပြောဆိုနေကြစေကာမူ မိမိတို့ မည်သည့် အတိုင်းအတာအထိ ပြည်သူ့ဝန်ဆောင်မှု အကောင်အထည် ဖော်ပြီလဲ ဆိုသည့် ရလဒ်သည်သာလျင် စစ်မှန်သော နယ်မြေထိန်းချုပ်မှုဖြစ်ပြီး ပြည်သူများကလည်း အသိအမှတ် ပြုမည် ဖြစ်သည်။  ထို့ကြောင့် ထုတ်ပြန်ချက် ကိုသာ အမြဲထုတ်ပြီး လက်တွေ့တပ်အင်အားမရှိ၊ ပြည်သူ့ဝန်ဆောင်မှု မပေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် ပြည်သူထောက်ခံမှု ကြာရှည် မရနိုင်သလို မိမိတို့ ထိန်းချုပ်နယ်မြေဟု သတ်မှတ်သည့် နယ်မြေမှ ပြည်သူများသည်လည်း သူတို့ကို အမှန်တကယ် ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်သည့် အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းလာကြမည် ဖြစ်သည်။ ထို့ကြောင့် ချင်းပြည်အစိုးရသည် ချင်းပြည်တော်လှန်ရေး ရလဒ်နှင့်တထပ်တည်း ကျရမည် ဖြစ်သည်။ ဤအခြေအနေများကြောင့် အစိုးရတရပ် ပုံဖော်ဖို့ ဆိုသည်မှာ ဘဏ္ဍာငွေအင်အား၊ စစ်ရေးအင်အား၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် အကောင်အထည်ဖော်ဆောင်မှု ချဉ်းကပ်ပုံမှန်ကန်ဖို့တို့သည် အဓိကကျသည်။ ထို့ကြောင့် ရာထူးရာခံ အခြေခံဖြင့် စဉ်းစားပြီး ချင်းပြည်အစိုးရ (သို့မဟုတ်) ပြည်သူ့ဝန်ဆောင်မှုကို ခေတ်ကောင်းချိန် ပုံစံမျိုးစဉ်းစားပါက မှားယွင်းသည့် စဉ်းစားချက်ဖြစ်ပြီး လုံးဝအောင်မြင်နိုင်မှာ မဟုတ်ပေ။

ချင်းအမျိုးသားတပ်ဦး၏ လက်ရှိအခြေအနေ

ချင်းအမျိုးသားတပ်ဦးသည် အဖွဲ့အစည်းတစ်ခုတည်းဖြင့် ဦးဆောင်မှုလုပ်ဆောင်ပြီး ချင်းပြည်အစိုးရ ထူထောင်ဖို့ရန် ဘဏ္ဍာငွေအင်းအား၊ စစ်ရေးအင်အားနှင့် လူသားအရင်းအမြစ်အရ အသင့်တော်ဆုံးဟု ယူဆနိုင်ပါသည်။ အကြောင်းရင်းမှာ လက်ရှိအခြေအနေအရ ပြည်ပရောက် ချင်းအမျိုးသားတပ်ဦး ထောက်ခံသူများ၏ ထောက်ပံ့ငွေကြေးများ အပြင် ချင်းအမျိုးသားတပ်ဦး ထူထောင်သည့် Chin Center for Peace & Regulation- CCPR မှ နိုင်ငံတကာ အလှူရှင်များနှင့် ပြည်တွင်းပြည်ပ NGO များထံမှ ဘဏ္ဍာငွေများစွာ ရှာဖွေ ရရှိထားပါသည်။ ထို့အပြင် စစ်အင်အားအရ ဆိုပါက အခြေခံစစ်သင်တန်း အပတ်စဉ် (၅၀) အထိ ပြီးမြောက်ပြီ ဖြစ်သည့်အတွက် ချင်းပြည်တစ်ခုလုံးကို လုံလောက်သောအင်အား မဟုတ်သေးသော်လည်း ချင်းပြည်အတွင်း လက်နက်အင်အား အတောင့်တင်းဆုံးဟု ဆိုနိုင်မည် ဖြစ်သည်။ လူသားအရင်းအမြစ် မှာလည်း နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်ဆောင်လာသည့် လူပုဂ္ဂိုလ်များစွာ ရှိကြသလို ခေတ်သစ် ပညာတတ်လူငယ်များစွာလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ချင်းအမျိုးသားတပ်ဦးမှာ ချင်းတပြည်လုံး၊ ချင်းတမျိုးသားလုံးကို ဦးဆောင်နိုင်မည့် ခေါင်းဆောင်မှုစွမ်းရည်နှင့် ချင်းပြည်အစိုးရ အကောင်အထည် ဖော်ဆောင်ရာတွင် ချဉ်းကပ်ပုံ မှန်မမှန်ကိုမူ အကဲဖြတ်ဖို့ရန် အလွန်စောသေးပြီး ဤ ခေါင်းဆောင်မှုစွမ်းရည်နှင့် ချဉ်းကပ်ပုံမှန်ကန်ပါက ချင်းပြည်အစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

လက်တွေ့ချင်းပြည် နိုင်ငံရေးအခင်းအကျင်းနှင့် ချင်းအမျိုးသားတပ်ဦး

ချင်းပြည်တွင် လက်နက်ကိုင်အဖွဲ့ အမည်နာမအားဖြင့် ၂၅ ဖွဲ့ထက်မနည်းရှိသည်။ သို့သော် တချို့အဖွဲ့သည် ထိန်ချုပ်နယ်မြေမရှိ၊ မြို့နယ်/ ဒေသကိုလည်း အမည်မခံဘဲ လှုပ်ရှားကြသည်။ တချို့အဖွဲ့မှာမူ အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူ့စစ်အသွင်းယူရေးနှင့် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားကြသည်။ ထို့ကြောင့် ချင်းတပြည်လုံးကို Chinland Joint Defense Committee အဖွဲ့ဝင် (၁၈) ဖွဲ့များ စုစည်းအားဖြင့် လွှမ်းခြုံသည်ဟု သတ်မှတ်နိုင်သည်။ Chinland Joint Defense Committee အဖွဲ့ဝင်များ၏ ထူးခြားချက်သည် အမျိုးသားရေး ရပ်တည်ချက်တူကြပြီး တော်လှန်ရေးကာလဖြစ်စေ၊ အနာဂတ် ချင်းပြည်ပုံဖော်မှုပုံစံ အခြေခံ စဉ်းစားချက်ဖြစ်စေ တူကြသည်။ နောက် ထူးခြားချက်တမျိုးသည် ချင်းအမျိုးသားတပ်ဦးမှအပ မြို့နယ်/ ဒေသ အခြေပြု လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးသည် ထိန်းချုပ်နယ်မြေနှင့် စစ်ရေး လှုပ်ရှားနယ်မြေ အတိအကျ ရှိကြသည်။ သို့သော် ချင်းအမျိုးသားတပ်ဦးသည် မြို့နယ်/ ဒေသကာကွယ်ရေး အသီးသီးနှင့် ဆွေနွေးညှိနှိုင်းမှုဖြင့်သာ စစ်စခန်းချခြင်း၊ စစ်ရေးလှုပ်ရှားခြင်း၊ စစ်ကူပေးခြင်းများ ဖော်ဆောင်ရသည်။

ထို့အပြင် ချင်းအမျိုးသားတပ်ဦးသည် နယ်မြေထိန်းချုပ်မှု သတ်သတ်မှတ်မှတ် မရှိသည့်အတွက် မြေပြင်တွင် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများ အားနည်းသည်။ ထို့အပြင် မြေပြင် အခြေအနေအရ မြို့နယ်/ ဒေသ ကာကွယ်ရေးတပ်ဖွဲ့များသည် သူတို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများနှင့် ပူးပေါင်းပြီး ပြည်သူ့ ဝန်ဆောင်မှု ဖော်ဆောင်ခြင်း၊ တော်လှန်ရေး ကာလတရားဥပဒေ စိုးမိုးရေးများ လုပ်ဆောင်ခြင်း အပါအဝင် ဒေသန္တရအစိုးရကို အကောင်းဆုံး အကောင်အထည် ဖော်ဆောင် ထားကြသည်။ လက်ရှိ အခြေအနေအရ ပြည်သူ့ဝန်ဆောင်မှု အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းများအပြင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများ မဖော်ဆောင်နိုင်သေးသည့် အဖွဲ့အစည်းသည် အနည်းစုသာ ဖြစ်သည်။ ထို့ကြောင့် ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်အစိုးရ ဖွဲ့စည်းလိုပါက မြို့နယ်/ ဒေသအလိုက် လက်နက်ကိုင်များနှင့် ပြည်သူများ ပူးတွဲအကောင်အထည် ဖော်ဆောင်ပြီးသော ဒေသန္တရအစိုးရများ ပူးပေါင်း လာမှသာ လက်တွေ့အလုပ်ဖြစ်သည့် အစိုးရကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ထို့အပြင် ချင်းအမျိုးသားတပ်ဦးသည် Interim Chin National Consultative Council (ICNCC) နှင့် Chinland Joint Defense Committee (CJDC) ကို ထူထောင်သည့် အဖွဲ့အစည်း ဖြစ်သောကြောင့် သူကိုယ်တိုင်ဦးဆောင်မှုပေးပြီး ဖွဲ့စည်းထားသည့် အဖွဲ့အစည်း မူဝါဒ၊ စည်းမျဉ်းစည်းကမ်း များကို မဖြစ်မနေ လိုက်နာရမည့် တာဝန်ရှိပြန်သည်။ ဤသို့သော် အခြေအနေတွင် ချင်းအမျိုးသားတပ်ဦး အနေဖြင့် လက်တွေ့အလုပ်ဖြစ်သော ချင်းပြည်အစိုးရဖွဲ့စည်းရေး လှုပ်ရှားမှု အောင်မြင်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာ အလွန်ကောင်းသည်။

ချင်းအမျိုးသားတပ်ဦး လှမ်းပြီးသားခြေလှမ်း၏ စိန်ခေါ်မှု

ချင်းအမျိုးသားတပ်ဦးသည် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မြို့နယ်/ ဒေသ ကာကွယ်ရေး အဖွဲ့များ၏ ကိုယ်စားလှယ်များကို သူ့တို့ဌာနချုပ်သို့ ဖိတ်ခေါ်တွေ့ဆုံပြီး ချင်းပြည်အစိုးရဖွဲ့မည်ဖြစ်၍ ပူးပေါင်းမည့် အဖွဲ့အစည်းများနှင့်သာ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း အပြတ်ပြောခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲ အခြေအနေအရ “ပူးပေါင်းမည့်အဖွဲ့အစည်းများ ပူးပေါင်းကြ ပူးပေါင်းတဲ့အဖွဲ့အစည်း မရှိရင်လည်း ငါလုပ်နိုင် သည်” ဆိုသည့် ပုံစံဖြစ်သည်ဟု တက်ရောက်လာသူများ၏ မှတ်ချက်များအရ သိရသည်။ သို့သော် မည်သည့် အဖွဲ့အစည်းကမှ ပူးပေါင်းပါမည်ဟု ကတိမပြုသည့် အပြင် ဖိတ်ခေါ်တွေ့ဆုံပွဲကို မတက်ရောက်သည့် အဖွဲ့များလည်းရှိသည်။ ထို့အပြင် တက်ရောက်လာသူ တစ်ချို့ကလည်း “အပြတ်အဖြေ‌ပေးဖို့ အခက်အခဲ ရှိတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကိုယ်စားလှယ်အဖြစ်သာ တက်တာကြောင့် ဘာမှအဖြေ ပေးလို့မရဘူး တကယ်လို့ သူတို့တာဝန်ရှိသူများက ကိုယ်တိုင်မြေပြင်ကို ရှင်းလာပြီး လေးလေးစားစား စည်းရုံးပါက အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ အပြင် တာဝန်ရှိသူများအားလုံး တက်ရောက်ပြီး ပြတ်သားသည့် အဖြေ‌ကို သူတို့ ရရှိနိုင်ခြေများသည်” ဟု ဆိုကြသည်။

ထို့ကြောင့် ချင်းအမျိုးသားတပ်ဦး လုပ်ဆောင်ပုံသည် လောလောလပ်လပ် ၂၀၂၀ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် NLD (Chin) ပါတီကြောင့် စိတ်ပျက်ဝမ်းနည်း နေကြသည့် ချင်းလူငယ် ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ချင်းပြည်အစိုးရဖွဲ့စည်းရေးအတွက် ပိုပြီး စိတ်ပျက်စေသည်။ အကြောင်းရင်းမှာ ချင်းအမျိုးသားတပ်ဦး အနေဖြင့် မြို့နယ်/ ဒေသ ချင်းလက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပုံသည် အထက်အောက်ဆက်ဆံရေးဖြင့် လုပ်ဆောင်ခြင်း၊ စည်းရုံးခြင်းထက် ချင်းအမျိုးသားတပ်ဦး စီမံချက်ကို နားထောင်စေခြင်း၊ ပူးပေါင်းလုပ်ဆောင်မည့်နည်းလမ်းရှာဖွေခြင်းထက် ချင်းအမျိုးသားတပ်ဦး လက်အောက် သို့ဝင်စေရေး တိုက်တွန်းခြင်းများ ဖြစ်သည့်အပြင် ချင်းအမျိုးသားတပ်ဦး၏ အဆိုပြုချက်များသည် လက်ရှိ အနေအထားအရ လုံးဝလက်ခံဖို့ခက်ခဲသည့် ချဉ်းကပ်မှု ဖြစ်သည်ဟုဆိုကြသည်။  လက်ရှိ ချင်းပြည် တော်လှန်ရေး အင်အားစုများတွင် စစ်အင်းအား၊ တော်လှန်ရေးသက်တမ်းအရ ချင်းအမျိုးသား တပ်ဦးသည် ဝါအရင့်ဆုံးဖြစ်သော်လည်း လက်တွေ့ ချင်းပြည်ကာကွယ်ရေး တိုက်ပွဲများတွင် တိုက်ပွဲ အကြိမ်ရေဖြစ်စေ၊ အသက်ပေးစပ်မှုအရဖြစ်စေ၊ ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည်အရဖြစ်စေ၊ သက်ဆိုင်ရာ ပြည်သူကို ကိုယ်စားပြုမှုအရ ဖြစ်စေ မြို့နယ်/ ဒေသ ကာကွယ်ရေးတပ်ဖွဲ့များသည် ချင်းအမျိုးသားတပ်ဦးထက် သာကြသည်ဟု ဆိုနိုင်မည်ဖြစ်သည်။

ထို့အပြင် မြို့နယ်/ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များသည် မြေပြင်မှာရှိသော ချင်းလူငယ်အားလုံး အချိန်ပြည့်ဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ တာဝန်ထမ်းဆောင်ကြသည့် နေရာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးဆိုသလို အမိန့်နာခံမှုအားနည်းပေမည့် ပြည်သူအားလုံးပူးပေါင်းကြသည့် စုဖွဲ့မှုဖြင့် ဖွဲ့စည်းကြသောကြောင့် ပြည်သူများအမြင်မှာ သူတို့သွေးသားရင်းများ ရှိသည့် အဖွဲ့ကို ပိုပြီး အားပေးကြသည့် အနေအထားဖြစ်သည်။ ဤသို့သော မြေပြင်အခြေအနေများကြောင့် မြို့နယ်/ ဒေသ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းများသည် မြို့နယ်/ ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းမှုအားဖြင့် ပေါ်ထွက်လာခြင်းဖြစ်ပြီး ချင်းအမျိုးသား တပ်ဦးနှင့် တိုက်ရိုက်ပူးပေါင်းသည့် ဒေသန္တရအစိုးရ ယနေ့တိုင်မရှိသေးခြင်း ဖြစ်သည်။

အထက်ပါ အခြေအနေများကြောင့် ပထမအဆင့် ချင်းအမျိုးသားတပ်ဦး ခြေလှမ်းသည် လက်တွေ့အလုပ်ဖြစ်သော ချင်းပြည်အစိုးရ ပေါ်ပေါက်လာရေးအတွက် ချဉ်းကပ်ပုံ မမှန်ကန်ကြောင်း တွေ့ရှိရပါသည်။  သို့သော် ချင်းအမျိုးတပ်ဦးမှ တခြားနည်းလမ်းများ အသုံးပြုစည်းရုံးပါက ဖြစ်နိုင်ခြေများစွာ ကျန်ရှိနေသေးသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ချင်းအမျိုးသားတပ်ဦးမှာ ရှိသော ဘဏ္ဍာငွေကြေးအင်းအား၊ စစ်ရေးအင်အားနှင့် လူသားအရင်းအမြစ်ဖြစ်သော ခေါင်းဆောင်များ၏ အရည်အချင်းများသည် ချင်းပြည် အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်သည့် အနေအထား ဖြစ်သော်လည်း တော်လှန်ရေးအခြေအနေအရ ခေါင်းဆောင်မှုစွမ်းရည်နှင့် ချင်းပြည်၏ အရှိတရား နိုင်ငံရေးချဉ်းကပ်ပုံ အားနည်းချက်ကြောင့် ဖြစ်နိုင်ခြေ အလွန်နည်းလာပြီ ဟုဆိုနိုင်မည် ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး၏ ပထမအစီအစဉ်သည် လက်တွေ့အလုပ်ဖြစ်မည့် ချင်းပြည်အစိုးရဖွဲ့ရေး အလုပ်မဖြစ်ပေမည့် ပထမအစီအစဉ်ကို အစားထိုးရန် ပြင်ဆင်ထားသည့် တခြား ဒုတိယ၊ တတိယ အစီအစဉ်များ ရှိမရှိကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။ ဤသို့ ချင်းအမျိုးသားတပ်ဦး၏ ခေါင်းဆောင်မှုစွမ်းဆောင်ရည်နှင့် ချဉ်းကပ်ပုံ အားနည်းချက်ကြောင့် ချင်းအမျိုးသားတပ်ဦး ဦးဆောင်သည့် ချင်းပြည်အစိုးရပေါ်လာနိုင်ခြေ အလွန်နည်းသည်ကို ကြောင်းပြု၍ ၂၀၂၀ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် NLD (Chin)  ဦးဆောင်မှုဖြင့် ICNCC  အမည်နာမကို အသုံးပြု၍ NUG အထောက်အပံ့ရယူပြီး ချင်းပြည်အစိုးရဖွဲ့နိုင်ရေး ခြေလှမ်းများလည်း ရှိလာသည်။ လက်ရှိသည် ၂၀၂၀ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် NLD (Chin)  ဦးဆောင်မှုဖြင့် ချင်းပြည်အစိုးရ ဖွဲ့စည်းပါက ဖြစ်နိုင်မည်လော ဟူသည့် “မည်လောသစ်” တစ်ခု ပြန်ပေါ်လာသည်။ ထို့ကြောင့် ချင်းအမျိုးသားတပ်ဦး ဦးဆောင်မှုဖြင့် အစိုးရဖွဲ့ရေးမျှော်လင့်ချက် ဖြစ်နိုင်မည်လော ဆိုသည့် “မည်လော” အမေးသည် ဖြေနိုင်ခြေနည်းသည်ဟု “နိုင်ခြေနည်း”အဆင့်ဖြင့် အဆုံးသတ်သည်။ အပိုင်း (၄) အဖြစ် ၂၀၂၀ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် NLD (Chin)၏ အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်သည့် “မည်လော” အသစ်တစ်ခုကို ဖော်ပြသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်