အိန္ဒိယက အိမ်ရှင်မတွေ သူတို့ကို အလုပ်ဖြုတ်မယ့် AI ကို ပြန်လည်လေ့ကျင့်ပေးနေရ

ဇွန် ၁၁၊ ၂၀၂၆
Zalen

အနာဂတ်မှာ လူတူစက်ရုပ်တွေက အိမ်မှုကိစ္စအဝဝကို လူသားတွေအတိုင်း လိုက်လုပ်ပေးနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက ထောင်နဲ့ချီတဲ့ အိမ်ရှင်မတွေဟာ သူတို့ရဲ့နဖူးမှာ ကင်မရာတွေ၊ စမတ်ဖုန်းတွေပတ်ပြီး AI စနစ်တွေကို လက်တွေ့လေ့ကျင့်ပေးနေကြပါတယ်။

အသက် ၂၅ နှစ်အရွယ် အိမ်ရှင်မ နာဂီရက်ဒီ သီရိရာမြချန္ဒြာ ဆိုရင် ဟင်းချက်တာ၊ သရက်သီးလှီးတာနဲ့ အဝတ်ခေါက်တာလိုမျိုး နေ့စဉ်လုပ်နေကျ အိမ်မှုကိစ္စတွေကို ဗီဒီယိုရိုက်ကူးပေးပြီး တနာရီကို ၂၅၀ ရူပီး (၂ ဒေါ်လာကျော်) ရှာဖွေနေပါတယ်။

Zalen ad

ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံမှာ လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း ဒါဟာ အခြေခံလူတန်းစားတွေအတွက် ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်သစ်တစ်ခု ဖြစ်လာနေပါတယ်။

အိမ်ရှင်မတွေ ရိုက်ကူးပေးလိုက်တဲ့ ဗီဒီယိုတွေကို Objectways ကဲ့သို့သော AI အချက်အလက်ကုမ္ပဏီတွေကတဆင့် ကမ္ဘာ့နည်းပညာလုပ်ငန်းကြီးတွေဆီ ပေးပို့နေတာ ဖြစ်ပါတယ်။

စက်ရုပ်တွေဟာ အင်တာနက်ပေါ်က စာသားတွေကို ဖတ်ပြီး အသိဉာဏ်ကြွယ်ဝနိုင်ပေမယ့် တကယ့်ပြင်ပကမ္ဘာမှာ ကော်ဖီဖျော်တာ၊ ဆန်းဒဝစ်လုပ်တာနဲ့ အဝတ်ခေါက်တာလိုမျိုး လူသားတွေရဲ့ သိမ်မွေ့တဲ့ လက်အမူအရာတွေကို လိုက်တုပနိုင်ဖို့အတွက် အခုလို မြင်ကွင်းဗီဒီယို အချက်အလက်တွေ သန်းနဲ့ချီပြီး လိုအပ်နေတာ ဖြစ်ပါတယ်။

စီးပွားရေးလေ့လာဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာတဝှမ်းလုံးမှာ လူတူစက်ရုပ်ပေါင်း ၁ ဘီလီယံကျော်အထိ ပေါ်ပေါက်လာပြီး စက်ရုံတွေနဲ့ နေအိမ်တွေမှာ နေရာယူလာတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုလို AI နဲ့ စက်ရုပ်နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာဟာ ရေရှည်မှာတော့ လမ်းဘေးဈေးသည်တွေနဲ့ စက်ရုံအလုပ်သမားတွေလိုမျိုး အိန္ဒိယရဲ့ သန်း ၄၉၀ သော အခြေခံအလုပ်သမားထုရဲ့ အလုပ်အကိုင်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ အစိုးရသုတေသနအဖွဲ့တွေက ထောက်ပြထားပါတယ်။

နည်းပညာကုမ္ပဏီ တာဝန်ရှိသူတွေကတော့ စက်ရုပ်တွေ ပေါ်လာတဲ့အတွက် လူသားတွေအနေနဲ့ ပိုမိုပင်ပန်းတဲ့ အလုပ်တွေကနေ ရုန်းထွက်ပြီး ပိုကောင်းတဲ့အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်ခွင့်ရလာမှာဖြစ်သလို၊ အနာဂတ်မှာ လူသားတွေက အိန္ဒိယမှာထိုင်ရင်း ပရပ်ခ်မြို့က စက်ရုပ်ဂဟေဆော်သမားတွေကို လှမ်းပြီး ထိန်းချုပ်မောင်းနှင်ရတဲ့ ပူးတွဲလုပ်ငန်းခွင်မျိုး ဖြစ်လာလိမ့်မယ်လို့ ရှုမြင်နေကြပါတယ်။

ကိုးကား-ဘန်ကောက်ပိုစ်း
သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

တာလီဘန်တို့ရဲ့ ပိတ်ပင်မှုတွေကြောင့် အာဖဂန်မိန်းကလေးငယ် ၃.၈ သန်းနီးပါး ပညာသင်ခွင့် ဆုံးရှုံးနေရ

ဇွန် ၁၁၊ ၂၀၂၆Zalen တာလီဘန်အဖွဲ့ရဲ့ တင်းကျပ်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ မိန်းကလေးငယ် ၃.၈ သန်းနီးပါး ကျောင်းပြင်ပရောက်နေရပြီး ပညာသင်ကြားခွင့် ဆုံးရှုံးနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးက တနင်္လာနေ့မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ...

ဆက်ဖတ်ရန်