ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆
Zalen

ကရင်နီ(ကယား) ပြည်နယ်အတွင်း စီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းတလျောက် အာဆင်းနစ်အန္တာရာယ် ကျရောက်နေပြီး ရေနဲ့ ငါးတွေကို လုံးဝ မစားသုံးဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထုတ်ပြန်လိုက်ပါတယ်။
သံလွင်မြစ်နဲ့ မိုလိုချောင်းရှိ ရေထုထဲမှာ လူသေစေနိုင်တဲ့အထိ အန္တရာယ်ရှိသော အာဆင်းနစ် (Arsenic) ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတယ်လို့ ဓာတ်ခွဲစမ်းသပ်ချက်များအရ သိရှိရတယ်လို့ IEC က ဆိုပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ရေကို သောက်သုံးတာ ရေနေသတ္တဝါတွေ ဖမ်းဆီးစားသောက်တာကို အထူးရှောင်ကြဉ်ကြဖို့ IEC က အရေးပေါ် သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက IEC နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်းတက္ကသိုလ် သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်းကာ သံလွင်မြစ် အထက်၊ အလယ်၊ အောက်ပိုင်းနဲ့ မိုလိုချောင်းတလျှောက် ရေနမူနာများကို စနစ်တကျ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ဆေးချက်များအရ ရေထဲမှာ အဆိပ်သင့်စေနိုင်သော အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်းမှာ သတ်မှတ်ချက်ထက် များစွာမြင့်မားနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
အာဆင်းနစ်ဓာတ် ပါဝင်သောရေကို သုံးစွဲမိပါက မူးဝေတာ၊ ပျို့အန်တာ၊ ဗိုက်နာတာ၊ ဝမ်းလျှောတာနဲ့ ကြွက်တက်တာ၊ အသည်း၊ အဆုတ်၊ ဆီးအိမ်နဲ့ အရေပြား ကင်ဆာ ဖြစ်ပွားတာ၊ နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ခံစားရမှာဖြစ်ပါတယ်။
ကလေးငယ်များအတွက် အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မှတ်ဉာဏ် ချို့ယွင်းမှုများအထိ ဖြစ်စေနိုင်ပါတယ်။
အခြေအနေမှာ စိုးရိမ်ရတဲ့ အဆင့်တွင်ရှိသဖြင့် ပြည်သူများအနေဖြင့် မြစ်ရေ၊ ချောင်းရေကို သောက်သုံးတာ၊ ဟင်းချက်တာနဲ့ စိုက်ပျိုးရေးအတွက် အသုံးမပြုဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် အဆိုပါ ရေထုအတွင်းရှိ ငါး၊ ပုစွန်နဲ့ ရေနေသတ္တဝါတွေကို လုံးဝ (လုံးဝ) ဖမ်းဆီးစားသောက်ခြင်း မပြုဖို့၊ အကယ်၍ ရေကို ထိတွေ့ကိုင်တွယ်မိပါက သန့်ရှင်းသော ရေ (အခြားအရင်းအမြစ်မှရသော ရေ) နဲ့ ချက်ချင်း ပြန်လည်ဆေးကြောရန်ဖို့ လိုအပ်ပါတယ်။
လက်ရှိမှာ IEC အနေနဲ့ အများပြည်သူ ကျန်းမာရေး ကာကွယ်ဖို့အတွက် မြေဆီမြေလွှာ စစ်ဆေးတာ၊ ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#သံလွင်မြစ်#မိုလိုချောင်း#Arsenic #Zalen

















