မတ် ၃၁၊ ၂၀၂၆
Zalen
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ ပြည်သူတွေ စိုးရိမ်နေရတဲ့ စစ်မှုထမ်းဥပဒေကို အဆုံးသတ်ဖို့ အချက် ၉ ချက်ပါ တောင်းဆိုချက်ကို PCB က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာ့နိုင်ငံရေးလောကရဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေး၊ SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နဲ့ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှတို့က ဖွဲ့စည်းခဲ့ပါတယ်။

PCB က လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေးအပိတ်အဆို့တွေကို ပြေလျော့စေဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား စေ့စပ်ညှိနှိုင်းပေးမယ့် လမ်းကြောင်းအသစ်တခုအဖြစ် ပေါ်ထွက်လာတာပါ။
အထူးသဖြင့် စစ်ကောင်စီထံမှာ ပါတီမှတ်ပုံပြန်မတင်ဘဲ ပြည်သူ့ဘက်က ခိုင်ခိုင်မာမာရပ်တည်နေတဲ့ တိုင်းရင်းသားပါတီကြီးတွေရဲ့ ခေါင်းဆောင်တွေ ပါဝင်လာတာကြောင့် ဒီအဖွဲ့ရဲ့ လှုပ်ရှားမှုက လူထုကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
လူထုအကျပ်အတည်းကို တိုက်ရိုက်ထိတွေ့သည့် တောင်းဆိုချက်များ PCB ရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးအရ အရေးဆိုမှုတွေတင်မကဘဲ ပြည်သူတွေရဲ့ လကိရှိဘဝလုံခြုံရေးအတွက် အလွန်အရေးပါတဲ့ အချက်တွေကို အလေးပေးတောင်းဆိုထားပါတယ်။
လူသားအရင်းအမြစ်တွေ မဆုံးရှုံးစေဖို့နဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုကို လျှော့ချဖို့ ပေါ်တာဆွဲတာနဲ့ အဓမ္မစစ်မှုထမ်းခိုင်းတာတွေကို လုံးဝမလုပ်ဖို့ တောင်းဆိုထားပါတယ်။
ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်တာတွေ ရှောင်ကြဉ်ဖို့နဲ့ အရပ်သားတွေ ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရပ်တန့်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အခိုင်အမာ တိုက်တွန်းထားပါတယ်။
တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းဖို့အတွက် “ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ” အသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ PCB က ယုံကြည်နေပါတယ်။
ဒီလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#PCB#ဒေါ်အောင်ဆန်းစုကြည်#နိုင်ငံရေးအကျဉ်းသား#လွှတ်ပေး#တောင်းဆို#Zalen


















