ဧပြီ ၁ ၊ ၂၀၂၆ ။

Zalen
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ သဘာဝသယံဇာတ ရင်းမြစ်စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများအကြား ပွတ်တိုက်မှုများ ဖြစ်ပွားနေတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရ (MFUIG) တို့ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန် ဒေသတွင်း တပ်ရင်းများနှင့် အရပ်ဘက်အဖွဲ့အစည်း (၂၁) ဖွဲ့က မတ်လ ၃၁ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
နွေဦးတော်လှန်ရေး (၅) နှစ်တာကာလအတွင်း ဖက်ဒရယ်မူများနဲ့ ဒေသအလိုက် အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်လာနိုင် ပေမယ့်လက်ရှိ ပခုက္ကူခရိုင်အတွင်း သယံဇာတကိစ္စကို အကြောင်းပြုကာ မိတ်ဖက်အင်အားစုများအကြား တင်းမာမှုများ ရှိနေပြီး အဆိုပါ ပဋိပက္ခကို ထိပ်ပိုင်းခေါင်းဆောင်များအကြား အမြော်အမြင်ရှိရှိ ဆွေးနွေးအဖြေမရှာနိုင်ပါက ရေတိုပွတ်တိုက်မှုကနေ ရေရှည်လက်နက်ကိုင်ပဋိပက္ခအသွင်သို့ ကူးစက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
အဆိုပါ အဖွဲ့အစည်း ၂၁ ဖွဲ့က ညီညွတ်ရေးကို ပျက်ပြားစေမဲ့ လက်နက်နဲ့အဖြေရှာရန် ကြိုးပမ်းမှုမှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး NUG၊ NUCC၊ CRPH၊ MOD နှင့် မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ထံ လိုအပ်တဲ့ အချက်အလက်ပါဝင်တဲ့ အိတ်ပိတ်စာကိုလည်း တရားဝင် ပေးပို့ထားပြီလို့ ဖော်ပြထားပါတယ်။
ဒီ တိုက်တွန်းချက်ကို ပခုက္ကူခရိုင်အခြေစိုက် တပ်ရင်း (၆) ရင်းအပြင် မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်များမှ ပညာရေး၊ ကျန်းမာရေး၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုစုပေါင်း (၂၁) ဖွဲ့က တညီတညွတ်တည်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်များ အားကောင်းရေးမှသည် တစ်ပြည်လုံး အားကောင်းရေး ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ယုံကြည်ချက်ကို ထိန်း သိမ်းရန်အတွက် အဖွဲ့အစည်းအချင်းချင်း ကြား ပွတ်တိုက်မှုများကို တော်လှန်ရေးအကျိုးငှာ အမြန်ဆုံး အဖြေရှာရန် လိုအပ်နေတယ်လို့ အဆိုပါအဖွဲ့များက ထောက်ပြထားပါတယ်။
သတင်း- ညီစေ
#NUG #MFUIG #ပဋိပက္ခဖြစ်#Zalen


















