ဧပြီ ၉၊ ၂၀၂၆
Zalen
ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့နယ်၊ ယုံပန်းကျေးရွာ ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ စစ်ဆေးသွားမယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၇ ရက် မွန်းလွဲပိုင်းမှာ ယုံပန်းရွာ ဟုန်အန်း ဓာတုဗေဒယမ်းသိုလှောင်ရာစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

အဲဒီဖြစ်စဉ်ကြောင့် လူဦးရေ ရာနှင့်ချီ၍ သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပေမဲ့ UWSA က ဒီနေ့မနက် ထုတ်ပြန်ချက်ထဲမှာ လူထိခိုက်သေဆုံးမှု စာရင်းတွေကို ဖော်ပြထားတာ မရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာ သက်ဆိုင်ရာဌာနတွေပါဝင်တဲ့ စစ်ဆေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
စုံစမ်းစစ်ဆေးမှုမှ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အများပြည်သူသိရှိစေဖို့အချိန်နဲ့တပြေးညီ ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
UWSA က အခင်းဖြစ်ပွားရာနေရာကို ချိတ်ပိတ်ထားပြီး လုံခြုံမှုရှိမှသာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားကြဖို့ အသိပေးထားပြီး ပြည်သူတွေအနေနဲ့ ထိတ်လန့်ခြင်းမရှိဘဲ ကောလဟာလသတင်းတွေ ဖြန့်ဝေတာမပြုဖို့ နှိုးဆော်ထားပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုဆိုင်ရာ အချက်အလက်တွေကို သက်ဆိုင်ရာဌာနတွေရဲ့ ထုတ်ပြန်ချက်ဖြင့်သာ အတည်ပြုဖို့နဲ့ ကယ်ဆယ်ရေးလမ်းကြောင်းတွေမှာ သွားလာနေတဲ့ ယာဉ်တွေအနေနဲ့ ဦးစားပေးဖယ်ရှားပေးဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိမှာ အာဏာပိုင်တွေ အခင်းဖြစ်ပွားရာ ဧရိယာကို ထိန်းချုပ်ထားပြီး နောက်ဆက်တွဲ လုံခြုံရေးနဲ့ စစ်ဆေးရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေတာ်လို့ သိရပါတယ်။
သတင်း-ဆလိုင်း


















