ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆

Zalen

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

(၅)နှစ် တာကာလအတွင်း တိုင်းပြည်နဲ့လူမျိုးအတွက် တပ်ဖွဲ့ဝင် ၂၂ ဦးကျဆုံးခဲ့ပြီး ၈၀ ကျော်ဒဏ်ရာရခဲ့ကြောင်း၊  အသက်၊ သွေး၊ ချွေး၊ ခန္ဓာကိုယ်စတေးပေးဆပ်ခဲ့ကြတဲ့ အာဇာနည်များ၊ ရဲဘော်များကို ဂုဏ်ယူအောက်မေ့လျက် ဦးညွတ်အလေးပြုပါကြောင်းနဲ့ ပြည်တွင်းပြည်ပ ငွေကြေးနဲ့အရင်းအမြစ်များ ပေးလှူခဲ့ကြတဲ့ပြည်သူများ၊ တော်လှန်ရေး မိတ်ဖက်များအား အထူးပင် ကျေးဇူးတင် ကြောင်း၊ တော်လှန်ရေးအောင်မြင်ရန်အတွက် ဆက်လက်ကူညီပံ့ပိုးကြ ဖို့ ၅ နှစ်ပြည့် ထုတ်ပြန် ချက်မှာဖော်ပြ ထားပါတယ်။

Zalen ad

Zopheiram Council ရဲ့  အထွေထွေညီလာခံကိုလည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဇိုဖေရမ်ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေပြင်ဆင်ဖြည့်စွက်ခြင်းများ ၊ ခေါင်းဆောင်သစ်များ ရွေးချယ်ခြင်း၊ ရှေ့ဆက် လုပ်ငန်းစဉ် များ ချမှတ်ခြင်းတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ အထွေထွေညီလာခံကို ဇိုဖေရမ်ကောင်စီအဖွဲ့ဝင်များ၊ Chinland Defense Force – Zophei တပ်ဖွဲ့၀င်များ၊ ကျေးရွာကိုယ်စားလှယ်များ၊ နိုင်ငံခြားကိုယ်စားလှယ်များ၊ CDM ကိုယ်စားလှယ်များနဲ့  အထူးဧည့်သည်တော်များ စုစုပေါင်း (၂၃၁) ဦး တက်ရောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ CDF-Zophei ပြောခွင့်ရပုဂ္ဂိုလ်က “ တော်လှန်ရေး ၅ နှစ်အတွင်း ကျွန်တော်တို့ ရဲဘော် အာဇာနည် ၂၂ ဦးကျဆုံးခဲ့ပြီးတော့ ၈၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ အထွေထွေညီလာခံမှာ ကောင်စီအကြီး အကဲ၊ တရားသူကြီးချုပ် နဲ့ အမှုဆောင်အရာရှိချုပ် ( Chief Executive Member – CEM ) တို့ကိုရွေးကောက် တင်မြှောက်ခဲ့ကြတယ်။” လို့ Zalen  ကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ရလဒ်ကို လုံးဝလက်မခံကြောင်း၊ ပြည်သူများအနေဖြင့် လည်းရွေးကောက်ပွဲအား လက်မခံကြရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် တိုက်တွန်းထားကာအကြမ်းဖက် အုပ်စု နဲ့ လက်ပါးစေအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား ဇိုဖေရမ်အတွင်း ပိုင်ဆိုင်ခွင့်၊ သွားလာခွင့်များကို ဆက်လက်ပိတ်ပင်သွားမယ်လို့ဆိုပါတယ်။

လူငယ်များ အနေဖြင့် စစ်အာဏာရှင်နဲ့ အကြမ်းဖက်စစ်အုပ်စုအား ဖြိုချဖယ်ရှားပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်ရေးနဲ့နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပြီး ချင်းပြည် (Chinland) ပြည်သူများ ၊ တော်လှန်ရေးအင်အားစုများ အချင်းချင်း ညီညွတ်မှုဖြင့် စစ်အာဏာရှင်စနစ်မှ ကင်းလွတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်