ဧပြီလ ၁၈၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာ Tlangzar ကျေးရွာကို ဒီကနေ့ မနက် ၃ နာရီ နဲ့ ၄ နာရီကြား မှာ တစ်ကြိမ်နဲ့ နေ့ခင်းပိုင်း မှ တစ်ကြိမ်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ မှတ်တမ်းဗီဒီယိုထဲမှာ ပြည်သူတစ်ဦးက “ဒီကနေ့မှာ အကြမ်းဖက်စစ်တပ်က Tlangzar ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ နေအိမ်ပျက်စီးဆုံးရှုံးတာတွေတော့ရှိပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိဘူး။” လို့ ပြောကြားထားပါတယ်။
အကြမ်းဖက်စစ်တပ်က ပထမတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုကြောင့် Tlangzar ကျေးရွာက လူနေအိမ် ၆ လုံး ထက်မနည်းပျက်စီးသွားတယ်လို့သိပါတယ်။
ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုအတွင်း Tlangzar ကျေးရွာ စာသင်ကျောင်းနဲ့အနီးအနားက လူနေအိမ် များလည်း ပျက်စီးဆုံးရှုံးတယ်လို့သိရပါတယ်။
လက်ရှိမှာ ဖလမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ် နေတာဖြစ်ပါတယ်။
သတင်း – Mickey


















