မလေးရှား UNHCR ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အိမ်ခြေ ၁,၀၀၀ ကျော် ပြာကျ

ဧပြီ ၂၀၊ ၂၀၂၆

Zalen

Zalen ad

မလေးရှားနိုင်ငံ၊ ဆန်ဒါကန်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အသိအမှတ်ပြု ဖိလစ်ပိုင်ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁,၀၀၀ ခန့် ပြာကျပြီး လူပေါင်း ၉,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

မီးဟာ ယမန်နေ့ ဧပြီလ ၁၉ ရက်၊ နံနက် ၂ နာရီဝန်းကျင်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီ မီးဟာ လူနေထူထပ်သော သစ်သားအိမ်တန်းရှည်တွေအတွင်းကို အရှိန်အဟုန်ဖြင့် ကူးစက်သွားခဲ့တာပါ။

မီးလောင်မှုဖြစ်ပွားချိန်မှာ ဒုက္ခသည်တွေဟာ အိပ်မောကျနေကြသဖြင့် ရရာပစ္စည်းအနည်းငယ်နဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား စာရွက်စာတမ်းတွေကိုသာ အတင်းအကျပ် ဆွဲယူပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပါတယ်။

မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနမှ ဝန်ထမ်း ၁၀၀ ကျော်ဟာ မီးကို ထိန်းချုပ်နိုင်ရန် ၁၀ နာရီကျော်ကြာ ကြိုးပမ်းခဲ့ရပြီး မွန်းတည့်အချိန်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ဆန်ဒါကန် မီးသတ်ဌာန တာဝန်ခံ ဂျင်မီလာဂွန်ရဲ့ အဆိုအရ စခန်းအတွင်း လမ်းကျဉ်းမြောင်းမှုကြောင့် မီးသတ်ကားတွေ ဝင်ရောက်ဖို့ ခက်ခဲတာ၊ ဒီရေကျချိန်ဖြစ်၍ ပင်လယ်ရေ ရရှိဖို့ ခက်ခဲတာနဲ့ လေပြင်းတိုက်ခတ်မှုတွေ ကြောင့် မီးငြှိမ်းသတ်ရာမှာ အဓိက အခက်အခဲဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆန်ဒါကန် ခရိုင်ရဲမင်းကြီး ဂျော့ခ်ျ အဗ္ဗဒူ ရတ်ခ်မန်က စခန်းရှိ အိမ်ခြေ ၁,၂၀၀ ခန့်အနက် ၁,၀၀၀ ခန့်မှာ လုံးဝပြာကျသွားခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသူ မရှိပေမဲ့လည်း လူအနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ အာဏာပိုင်တွေက မီးဘေးသင့်ပြည်သူတွေအတွက် PPR Batu Sapi၊ SK Kg Gas၊ SK Kg Bahagia၊ SMK Batu Sapi၊ SK Karamunting ဟူ၍ ယာယီခိုလှုံရေးစခန်း ၅ ခုကို ဖွင့်လှစ်ပေးထားပါတယ်။

မလေးရှားဝန်ကြီးချုပ် ဒါတုဆီရီ အန်ဝါ အီဘရာဟင်က ဖက်ဒရယ်အစိုးရနှင့် ဆာဘားပြည်နယ်အစိုးရတို့ ပူးပေါင်း၍ မီးဘေးသင့်သူများအတွက် အကူအညီများနှင့် ယာယီနေရာထိုင်ခင်းများကို အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ ဒုက္ခသည်စခန်းဟာ ၁၉၇၀ ပြည့်နှစ်များအတွင်း ဖိလစ်ပိုင်တောင်ပိုင်း မိုရိုပဋိပက္ခကြောင့် ထွက်ပြေးလာသူများအတွက် UNHCR မှ စီစဉ်ပေးထားသော စခန်းတစ်ခုဖြစ်ပြီး ယခုအခါ မီးလောင်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ကိုးကား-မလေးရှားသတင်း

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း

ဧပြီ ၂၄၊ ၂၀၂၆Zalen အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံအကျဉ်းသားအားလုံးကို ထပ်မံ လွှတ်ပေးဖို့ ယနေ့ ဧပြီလ ၂၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဟာ ...

ဆက်ဖတ်ရန်