ဧပြီ ၂၂၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ မြို့မဘုန်းကြီးကျောင်း ဆိပ်ကမ်းမှာ စက်သုံးဆီ လွှဲပြောင်းဖြည့်တင်ရာမှတဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံးခဲ့သလို ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၆ နာရီကျော်အချိန် ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ စက်သုံးဆီတင်ရေယာဉ်ပေါ်မှ မော်တော်ယာဉ် နှစ်စီးပေါ် ဆီတွေ လွှဲပြောင်းဖြည့်တင်းနေစဉ် လျှပ်စစ်ရှော့ဖြစ်ရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာပါ။

အဲဒီမီးလောင်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး (စုစုပေါင်း ၂ ဦး) သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲကာ စက်သုံးဆီတင်သင်္ဘော မော်တော်ယာဉ် ၂၂ စီးခန့် မီးလောင်ပေါက်ကွဲ ပျက်စီးဆုံးရှံးခဲ့ရတယ်လို့ ရပါတယ်။
“မီးက ကားတွေနဲ့ ဆီတင်သင်္ဘောကနေတဆင့် ဆိပ်ကမ်းမှာကပ်ထားတဲ့ တခြားမော်တော်တွေဆီ တောက်လျှောက် ကူးစက်သွားတာပါ။ ဧပြီ ၂၀ ရက်နေ့ညကနေ မနေ့က မနက်အထိ ဆီပေပါတွေ တဒုန်းဒုန်းနဲ့ ပေါက်ကွဲနေတာ၊ မနေ့က အချိန်ထိလည်း မီးက လုံးဝမငြိမ်းသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာ နေရာကို ဟုမ္မလင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပေမဲ့လည်း ဆီမီးလောင်မှုဖြစ်တဲ့အတွက် မီးငြှိမ်းသတ်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။
မတော်ရေ ယာဥ် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှသူတွေဟာ လက်ရှိမှာ ဟုမ္မလင်းမြို့ ကုတင် (၁၀၀) ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေကြရတယ်လို့ သိရပါတယ်။
“ဒဏ်ရာရတဲ့သူတွေက မတော်ရေ ယာဥ် ပေါက်ကွဲမှုကြောင့် ဆိပ်ကမ်းအနီးအနားမှာ နေထိုင်ကြတဲ့သူတွေပါ။ အခုမီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံမှာ အရေးပေါ်လူနာနဲ့ ဆေးကုသမှုတွေ ခံယူနေကြပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုမှာ တရက်နီးပါးကြာမြင့်လာသည်နှင့်အမျှ ဆိပ်ကမ်းအနီးအနားရှိ ဧရိယာအတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမြောက်အမြားရှိတယ်လို့ သိရပါတယ်။
သတင်း-ဆလိုင်း
















