အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်ကို ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီဖမ်းဆီး

ဧပြီ ၂၆ ၊၂၀၂၆၊
Zalen

အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွန့်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၂ နာရီအချိန် သန်လျင်မြို့ရှိနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး၊ လူမှုကွန်ရက် TikTok စာမျက်နှာပေါ်မှာ ဆရာကြီး ဦးတင်ညွန့်ရေးသားခဲ့တဲ့ စာအုပ်အချို့ကို ရောင်းချမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဆရာကြီးဦးတင်ညွန့်ကို ဖမ်းဆီးရတဲ့အကြောင်းကတော့ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်တုန်းကရေးသားထုတ်ဝေခဲ့တဲ့ ခွေးထိန်းငတာ၊
ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည် ၊
ဦးသန်းရွှေ၏ ယတြာများ စတဲ့ စာအုပ် တွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

Zalen ad

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက TikTok လူမှုကွန်ရက်ပေါ်မှာ အမျိုးသမီးတစ်ဦးက အဆိုပါစာအုပ် တွေကို Live လွှင့်ရောင်းချခဲ့တာပဲဖြစ်ပါတယ်။

စစ်ကောင်စီက‌ အဆိုပါအမျိုးသမီးကို Online Shopping လိုင်စင်မရှိဘဲ ရောင်းချမှုနဲ့ ဖမ်းဆီးခဲ့ပြီးနောက်၊ စာရေးဆရာကြီး ဦးတင်ညွန့်အပြင် စာအုပ်ထုတ်ဝေသူဖြစ်တဲ့ သားဖြစ်သူကိုပါ ထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

စာရေးဆရာကြီး ဦးတင်ညွန့်သည် နိုင်ငံရေး၊ သုတနှင့် ရသစာပေများစွာကို ရေးသားခဲ့တဲ့
ဝါရင့်စာရေးဆရာတစ်ဦးဖြစ်သလို ၂၀၁၇ ခုနှစ်တုန်းက “မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲက အိုင်ဒီယာများနှင့် အတွေးအမြင်များ” စာအုပ်နဲ့ အမျိုးသားစာပေဆုကို ဆွတ်ခူးရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း – ညီစေ

နောက်ဆုံးရသတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်က ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်

ဧပြီ ၂၇၊ ၂၀၂၆  Zalen ဧပြီ ၂၆ရက် ယမန်နေ့ ညနေပိုင်းအချိန်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်ရှိ ဆည်‌ပေါက်ကျေးရွာရှိ ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်ပြီး ခရီးသည်များလိုက်ပါစီးနှင်းလာတဲ့ ကားတစီး ရေစီးနဲ့မျှောပါမှုဖြစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်များ ...

ဆက်ဖတ်ရန်