ဧပြီ ၂၇၊ ၂၀၂၆
Zalen
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်မှာ မြန်မာ (၆၉) ဦး အပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၉၇ ဦးကို သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်လိုက်ပြီလို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
သူတို့အားလုံးကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဂျိုဟိုးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မိခင်နိုင်ငံအသီးသီးကို ပြန်လည်ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

အခုပြန်ပို့ခံရသူတွေဟာ မလေးရှားနိုင်ငံထဲက အလုပ်ရုံတွေ၊ စက်ရုံတွေ၊ စားသောက်ဆိုင်တွေမှာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်မှု၊ အထောက်ထား မပြည့်စုံမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့ဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကို ကျခံပြီးသွားပြီဖြစ်လို့ အခုလို နေရပ်ပြန်ခွင့်ရကြတာ ဖြစ်ပါတယ်။
ဂျိုဟိုးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြန်လည်စေလွှတ်ခဲ့တဲ့ လူစာရင်းမှာ မြန်မာနိုင်ငံသား ၆၉ ဦး (အများဆုံး)၊ ဘင်္ဂလားဒေ့ရှ် ၂၄ ဦး၊ အိန္ဒိယ ၂ ဦး၊ တရုတ် ၁ ဦး၊ ဖိလစ်ပိုင် ၁ ဦးတို့ဖြစ်ပါတယ်။
နေရပ်ပြန်ပို့တဲ့အခါမှာ သက်ဆိုင်ရာသံရုံးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးတာ ဖြစ်ပေမယ့် လေယာဉ်လက်မှတ်ခကိုတော့ ကာယကံရှင်တွေက ကိုယ်တိုင်ကုန်ကျခံရတာဖြစ်ပါတယ်။
အခုပြန်ပို့ခံရသူ အားလုံးကို မလေးရှားအစိုးရက နာမည်ပျက်စာရင်း (Blacklist) သွင်းထားပါတယ်။
သတင်း-ဆလိုင်း



















