ဧပြီ၊ ၂၉၊ ၂၀၂၆
Zalen
အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်ခြင်း (၂၅၀) နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပုံတူကို ထည့်သွင်းဖော်ပြထားတဲ့ အကန့်အသတ်ထုတ် ပတ်စပို့တွေကို ထုတ်ဝေဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။
ထုတ်ပြန်လိုက်သော နမူနာပုံစံတွေအရ ပတ်စပို့အတွင်းပိုင်း စာမျက်နှာတခုမှာ သမ္မတ ထရမ့် ပုံတူ ဖော်ပြထားပြီး မျက်နှာချင်းဆိုင် စာမျက်နှာမှာ ၁၇၇၆ ခုနှစ်က လွတ်လပ်ရေးကြေညာစာတမ်းမှာ လက်မှတ်ရေးထိုးနေတဲ့ သမိုင်းဝင်ပုံရိပ်ကို ထည့်သွင်းထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီ ပီဂေါ့တ် က “ဒီပတ်စပို့တွေမှာ စိတ်ကြိုက်ဖန်တီးထားတဲ့ အနုပညာလက်ရာတွေနဲ့ ပုံရိပ်အသစ်တွေပါဝင်လာမှာဖြစ်သလို ကမ္ဘာပေါ်မှာ လုံခြုံရေးအကောင်းဆုံး သတ်မှတ်ထားတဲ့ အမေရိကန်ပတ်စပို့ရဲ့ စံချိန်တွေကိုလည်း အပြည့်အဝ ထိန်းသိမ်းထားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အခု ပတ်စပို့ထုတ်ဝေမှုဟာ သမ္မတထရန့်ရဲ့ အမည်နဲ့ ပုံရိပ်ကို အစိုးရရဲ့ တရားဝင်လုပ်ငန်းစဉ်တွေမှာ ပေါင်းစပ်ထည့်သွင်းတဲ့ ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်သုံး စက္ကူငွေများပေါ်မှာ သမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ဒေါ်နယ်ထရန့်ရဲ့ လက်မှတ်ကို ရိုက်နှိပ်ထားတာ၊ အမေရိကန်ဒင်္ဂါးစက်ရုံမှ ထရန့်ရဲ့ ရုပ်ပုံပါ အထိမ်းအမှတ် ရွှေဒင်္ဂါးပြားတွေ ထုတ်ဝေဖို့ ပြင်ဆင်နေတာ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ ရေတပ်ပိုင်ဆိုင်မှုတွေမှာ သမ္မတရဲ့ အမည်ကို အသုံးပြုတာ စတာတို့ ပါဝင်ပါတယ်။
အဲဒီအထူးထုတ်ပတ်စပို့အတွက် ပြည်သူတွေထံမှ အပိုဆောင်းကုန်ကျစရိတ် ကောက်ခံမှာ မဟုတ်ဘူးလို့ အစိုးရက အတည်ပြုထားပါတယ်။
ဒါပေမဲ့လည်း လျှောက်ထားသူများအနေနဲ့ အခုအထိမ်းအမှတ်ဒီဇိုင်းကို မယူလိုဘဲ ငြင်းပယ်ခွင့် သို့မဟုတ် သာမန်ဒီဇိုင်းကိုသာ ရွေးချယ်ခွင့် ရှိ၊ မရှိကိုမူ တရားဝင် ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။
အခုလုပ်ဆောင်ချက်ဟာ သမ္မတထရန့် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်နေစဉ်အတွင်း အစိုးရအဖွဲ့ရဲ့ ပုံရိပ်ကို သမ္မတရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ပိုမိုနီးကပ်စွာ ပေါင်းစပ်ဖို့ ကြိုးပမ်းမှုတခုအဖြစ် ရှုမြင်ခံနေကြရပါတယ်။
သတင်း-ဆလိုင်း
ကိုးကား-India To Day

















