ဧပြီ ၃၀၊ ၂၀၂၆
Zalen

မီဇိုရမ်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး Lalhmingthanga Sanate ဦးဆောင်တဲ့ Hmar ပြည်သူ့ကွန်ဗင်းရှင်းအဖွဲ့ခွဲမှ အဖွဲ့ဝင် ၄၃ ဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ အစိုးရထံ အလင်းဝင်မှာဖြစ်ပါတယ်။

အဲဒီ အခမ်းအနားကို အိုက်ဇောလ်မြို့ခရိုင် Sesawng ရှိ ရဲဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ကျင်းပမှာဖြစ်ပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma၊ ပြည်ထဲရေးဝန်ကြီး K Sapdanga တို့ တက်ရောက်၍ ကြိုဆိုကြမှာဖြစ်ပါတယ်။
အခုလို အလင်းဝင်လာတာဟာ ဧပြီ ၁၄ ရက်နေ့က မီဇိုရမ်အစိုးရနဲ့ HPC (D) အဖွဲ့တို့ Sakawrdai မြို့မှာ ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်ရဲ့ ရလဒ်ဖြစ်ပါတယ်။
Sanate ဦးဆောင်သော အဲဒီအဖွဲ့ဟာ ပြည်နယ်အတွင်း နောက်ဆုံးကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ ၎င်းတို့ အလင်းဝင်လာတာကြောင့် မဲဇိုရမ်မှာ လက်နက်ကိုင်ပုန်ကန်မှုတွေ လုံးဝချုပ်ငြိမ်းသွားပြီဟု ဆိုပါတယ်။
အစိုးရအနေနဲ့ Hmar လူမျိုးစုတွေ နေထိုင်ရာ Sinlung Hills ကောင်စီနယ်မြေအတွင်း အခြေခံအဆောက်အအုံနဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအတွက် အထူးဖွံ့ဖြိုးရေး ဘတ်ဂျက်တွေ ချထားပေးဖို့ သဘောတူညီခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၇ -၂၈ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်ရန်ပုံငွေ တိုးမြှင့်ပေးဖို့၊ ဒေသတွင်း စိုက်ပျိုးရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ရုံးစိုက်ကိန်းတွေ တိုးချဲ့ဖို့ Sikpui Ruoi ပွဲတော်နဲ့ Hmar အာဇာနည်နေ့တို့ကဲ့သို့သော လူမျိုးစုယဉ်ကျေးမှုပွဲတော်များကို တရားဝင် အသိအမှတ်ပြုဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
Hmar လက်နက်ကိုင်လှုပ်ရှားမှုဟာ ၁၉၈၆ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကောင်စီ ရရှိရေး တောင်းဆိုချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တွင် အဖွဲ့အချို့ အလင်းဝင်ခဲ့ပြီးနောက် အခု Sanate အဖွဲ့ခွဲမှာ ကျန်ရှိနေတဲ့ နောက်ဆုံးအဖွဲ့ဖြစ်ပါတယ်။
လက်ရှိ အာဏာရ Zoram People’s Movement (ZPM) အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အခုလို ငြိမ်းချမ်းရေး အောင်မြင်မှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ဆလိုင်း
ကိုးကား-India Today












