မေ ၄၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထန်မွှော်တောင် (ခေါ် )လေထန်ကုန်း အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်တပ်ဖွဲ့တွေအကြား မေ ၂ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၃ ရက်နေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီတပ် လေယာဉ်နဲ့ သုံးကြိမ်လာပြီး ဗုံး ခြောက်လုံးထပ်မနည်းကြဲချခဲ့ပါတယ်။
ဒီကနေ့ မေ ၄ ရက်မနက်ပိုင်းမှာလည်း လေယာဉ်နဲ့ ဗုံးတစ်ကြိမ် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
” လက်နက်ကြီးကတော့ တောက်လျောက်ပစ်နေတာ။ မနေ့က လေယာဉ် သုံးကြိမ်လာတယ်၊ မိုးတွေရွာနေတာတောင် ဗုံးကြဲသွားတာ။ ဒီမနက်လည်း တခေါက်လာတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တီးတိန်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာပါ။
ကလေးမြို့ကနေလည်း တိုက်ပွဲဖြစ်ရာ နေရာကို လက်နက်ကြီးနဲ့ ပစ်ကူနေသလို တီးတိန်မြို့ပေါ်ကနေလည်း လက်နက်ကြီး ပစ်ကူနေပါတယ်။
မေလ ၂ ရက်နေ့ကလည်း တီးတိန်မြို့အဝင် ဆီဆိုင်အနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လက်နက်ကြီးစ ထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် မောင်လျန်မုန်ကင် (Lian Muan Kim) သေဆုံးခဲ့ရပါတယ်။
Mary
#တီးတိန်မြို့#ထန်မွှော်တောင်#လေထန်ကုန်း#စစ်ကောင်စီ#ဗုံးကြဲ#ချင်းတော်လှန်ရေးပူးပေါင်းတပ်#Zalen











