သံလွင်မြစ်အတွင်း အာဆင်းနစ် ပါဝင်မှု မြင့်တက်မှုကြောင့် ရေနေသတ္တဝါတွေ မစားသုံးဖို့ ထိုင်းသတိပေး

Zalen ad

မေ ၅၊ ၂၀၂၆

Zalen

သံလွင်မြစ်အတွင်းရှိ ခရုနဲ့ ရေနေသတ္တဝါတွေမှာ အဆိပ်သင့်သတ္တုတမျိုးဖြစ်တဲ့ အာဆင်းနစ်ပါဝင်မှုနှုန်းဟာ ဘေးကင်းလုံခြုံစိတ်ချရတဲ့ စံနှုန်းထက် အဆပေါင်းများစွာ ကျော်လွန်နေသဖြင့် ပြည်သူတွေအနေနဲ့ စားသုံးတာတွေ မပြုဖို့ ထိုင်းအာဏာပိုင်တွေက အရေးပေါ် သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ချင်းမိုင်တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာဝမ်ဝိရိယက သံလွင်မြစ်အတွင်းရှိ လိပ်ခေါင်းခရုတွေကို ဓာတ်ခွဲစမ်းသပ်ရာမှာ အဆိပ်သင့်မှုနှုန်းမှာ သတ်မှတ်ချက်ထက် ၁,၀၂၀ ဆအထိ မြင့်မားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြစ်ရေအတွင်း အာဆင်းနစ်ပါဝင်မှုလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာမှစပြီး တဖြည်းဖြည်း မြင့်တက်လာရာ အခု ၂၀၂၆ ခုနှစ် မတ်လမှာ စံနှုန်းထက် ၆ ဆအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အရင်က ငါးဦးခေါင်းနဲ့ ကလီစာများကိုသာ ရှောင်ကြဉ်ဖို့ အကြံပြုခဲ့ပေမယ့် အခုအခါ ညစ်ညမ်းမှု ဆိုးရွားလာသဖြင့် ငါး၊ ပုစွန်၊ ခရု၊ ဂဏန်း အပါအဝင် သံလွင်မြစ်မှရရှိသော မည်သည့်ရေနေသတ္တဝါကိုမဆို လုံးဝမစားသုံးကြဖို့ တိုက်တွန်းထားပါတယ်။

အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်နဲ့ နာတာရှည်ရောဂါရှိသူတွေ အထူးသတိပြုဖို့ လိုအပ်ပါတယ်။

သံလွင်မြစ်ဟာ နယ်စပ်ဖြတ်ကျော်စီးဆင်းတဲ့ မြစ်ဖြစ်တာကြောင့် ဒီသက်ရောက်မှုဟာ ထိုင်းနိုင်ငံဘက်ခြမ်းသာမက မြန်မာနိုင်ငံအတွင်းရှိ ကရင်၊ ကရင်နီ (ကယား) နဲ့ မွန်ပြည်နယ်တို့ရှိ မြစ်ကမ်းဘေးနေ လူထုအပေါ်မှာလည်း ကြီးမားစွာ သက်ရောက်လျက်ရှိပါတယ်။

စူးစမ်းလေ့လာချက်တွေအရ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း ညစ်ညမ်းမှုနှုန်းမှာ ထိုင်းနိုင်ငံထက်ပင် ပိုမိုမြင့်မားနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

အခုလို အဆိပ်သင့်မှု မြင့်တက်လာခြင်းမှာ သံလွင်မြစ်ဝှမ်းအထက်ပိုင်း၊ရှမ်းပြည်နယ်ရှိ ရွှေနံ့ ရှားပါးသတ္တုတူးဖော်ရေးလုပ်ကွက်တွေ (အနည်းဆုံး ၁၂၈ ခုထက်မနည်း) ပွားများလာတာကြောင့် ဖြစ်နိုင်တယ်လို့ မြစ်ချောင်းများဆိုင်ရာ ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။

လက်ရှိမှာ နယ်စပ်တလျှောက် လုံခြုံရေးအခြေအနေကြောင့် ကွင်းဆင်းစစ်ဆေးမှုတွေ ဆိုင်းငံ့ထားရသဖြင့် ဒေသခံများအနေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ မြစ်ထွက်ပစ္စည်းတွေ စားသုံးမှု အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ နှိုးဆော်ထားပါတယ်။

ကိုးကား-ထိုင်းသတင်းများ

သတင်း-ဆလိုင်း

#သံလွင်မြစ်#အာဆင်းနစ် #ပါဝင်မှုမြင့်တက်#ရေနေသတ္တဝါ#စားသုံးရန်မသင့် #ထိုင်း#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းဒေသ ပြန်လည်တည်ဆောက်ရေးကော်မတီက ပြည်သူများအား ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

မေ ၅၊ ၂၀၂၆Zalen ဖလမ်းမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့အတွင်း ပြည်သူများ ပြန်လည်ဝင်ရောက်လာနေကြ ချိန်တွင် လုံခြုံရေးနှင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်နိုင်ခြေရှိကြောင်းကြောင့် ဖလမ်းဒေသ ပြန်လည် တည်ဆောက်ရေးကော်မတီ (Falam Remdaihnak Committee) ယမာန်နေ့ မေလ ...

ဆက်ဖတ်ရန်